19. အခွန်ငွေဒင်္ဂါးတစ်ပြားကို ငါ့အားပြကြလော့”ဟု မိန့်တော်မူလျှင် သူတို့သည် ဒေနာရိတစ်ပြားကို အထံတော်သို့ယူလာကြ၏။
20. ကိုယ်တော်ကလည်း “ဤသည်ကား မည်သူ၏ပုံ၊ မည်သူ၏ကမ္ပည်းစာဖြစ်သနည်း”ဟု မေးတော်မူလျှင်
21. သူတို့က “ဆီဇာဧကရာဇ်၏ပုံနှင့်ကမ္ပည်းစာဖြစ်ပါသည်”ဟု လျှောက်ကြ၏။ ကိုယ်တော်ကလည်း “သို့ဖြစ်လျှင် ဆီဇာဧကရာဇ်နှင့်ဆိုင်သောအရာများကို ဆီဇာဧကရာဇ်အားဆက်သ၍ ဘုရားသခင်နှင့်ဆိုင်သောအရာများကို ဘုရားသခင်အားဆက်သကြလော့”ဟု မိန့်တော်မူ၏။
22. သူတို့သည် ထိုစကားကိုကြားရသောအခါ အံ့ဩ၍ ကိုယ်တော်ထံမှ ထွက်သွားကြ၏။
23. ထိုနေ့၌ပင် ရှင်ပြန်ထမြောက်ခြင်းမရှိဟုပြောကြသောဇဒ္ဒုကဲတို့သည် အထံတော်သို့ ချဉ်းကပ်လာ၍
24. “ဆရာ၊ လူတစ်ဦးသည် သားသမီးမထွန်းကားဘဲ သေဆုံးခဲ့လျှင် သူ၏ညီသည် အစ်ကို၏မယားကို ဆက်ခံထိမ်းမြားလျက် သူ့အစ်ကို၏မျိုးဆက်ကို ပေါက်ဖွားစေရမည်ဟု မောရှေညွှန်ကြားခဲ့ပါသည်။
25. အကျွန်ုပ်တို့ထံတွင် ညီအစ်ကိုခုနစ်ဦးရှိခဲ့ရာ အစ်ကိုအကြီးဆုံးသည် အိမ်ထောင်ပြုပြီး မျိုးဆက်မရှိဘဲ သေဆုံးလျက် သူ၏မယားကို သူ့ညီထံ ထားရစ်ခဲ့ပါသည်။
26. ဒုတိယညီနှင့်တတိယညီမှစ၍ ခုနစ်ယောက်မြောက်တိုင်အောင် ထိုနည်းတူဖြစ်ကြပါသည်။
27. နောက်ဆုံးတွင် ထိုမိန်းမသည်လည်း သေဆုံးသွားပါသည်။
28. သို့ဖြစ်လျှင် ရှင်ပြန်ထမြောက်ရာကာလ၌ ထိုမိန်းမသည် ထိုခုနစ်ဦးတို့ထဲမှ မည်သူ၏မယားဖြစ်ပါမည်နည်း။ အကြောင်းမူကား သူတို့အားလုံးသည် ထိုမိန်းမနှင့်ပေါင်းဖက်ခဲ့ကြပါသည်”ဟု မေးလျှောက်ကြ၏။
29. ယေရှုကလည်း “သင်တို့သည် ကျမ်းစာကိုလည်းကောင်း၊ ဘုရားသခင်၏တန်ခိုးတော်ကိုလည်းကောင်း မသိ၍ အယူလွဲနေကြ၏။
30. အကြောင်းမူကား ရှင်ပြန်ထမြောက်ရာကာလ၌ လူတို့သည် ထိမ်းမြားစုံဖက်ခြင်းကိုမပြု၊ ပေးစားဆောင်နှင်းခြင်းလည်းမရှိဘဲ ကောင်းကင်၌ရှိသော ကောင်းကင်တမန်များကဲ့သို့ ဖြစ်ကြ၏။
31-32. သေသောသူတို့၏ရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သက်၍ ဘုရားသခင်က ‘ငါသည် အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်၏’ဟု သင်တို့အား မိန့်တော်မူခဲ့သောစကားကို မဖတ်ဖူးကြသလော။ ဘုရားသခင်သည် သေသောသူတို့၏ဘုရားမဟုတ်ဘဲ အသက်ရှင်သောသူတို့၏ဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။
33. လူထုပရိသတ်တို့သည် ကြားသောအခါ ကိုယ်တော်၏သွန်သင်ချက်ကို အံ့ဩချီးမွမ်းကြ၏။
34. ဇဒ္ဒုကဲတို့ကို ကိုယ်တော်နှုတ်ဆိတ်စေတော်မူခဲ့ကြောင်း ဖာရိရှဲတို့ကြားလျှင် အတူတကွစုဝေးလာကြ၍