8. ထိုခဏချင်းတွင် သူတို့သည် ပတ်ပတ်လည်သို့ကြည့်လိုက်သော် ယေရှုတစ်ပါးတည်းသာ မိမိတို့နှင့်အတူရှိသည်ကိုတွေ့မြင်၍ အခြားမည်သူ့ကိုမျှ မတွေ့မြင်ကြတော့ချေ။
9. ထို့နောက် တောင်ပေါ်မှ သူတို့ဆင်းလာကြစဉ် ကိုယ်တော်က သူတို့တွေ့မြင်ခဲ့ရသောအရာများကို လူ့သားသည် သေသောသူတို့ထဲမှ မထမြောက်မီ မည်သူ့ကိုမျှမပြောကြရန် သူတို့အား မိန့်မှာတော်မူ၏။
10. သူတို့သည်လည်း ထိုစကားကို မှတ်သားထားလျက် သေသောသူတို့ထဲမှ ထမြောက်ခြင်းဆိုသည်မှာ မည်သည့်အရာကိုဆိုလိုသနည်းဟု အချင်းချင်းဆွေးနွေးမေးမြန်းကြ၏။
11. ထို့နောက် သူတို့က “ဧလိယသည် ဦးစွာလာရမည်ဟု ကျမ်းပြုဆရာတို့က အဘယ်ကြောင့်ဆိုကြသနည်း”ဟူ၍ ကိုယ်တော်အားမေးလျှောက်ကြ၏။
12. ကိုယ်တော်ကလည်း “ဧလိယသည် ဦးစွာလာ၍ အရာခပ်သိမ်းတို့ကို ပြန်လည်ထူထောင်မည်မှန်၏။ သို့ရာတွင် လူ့သားသည် ဒုက္ခဝေဒနာများစွာခံစားရပြီး ပစ်ပယ်ခြင်းကိုခံရမည်ဟု ရေးထားသည်မှာ မည်သို့နည်း။
13. သို့သော် သင်တို့အား ငါဆိုသည်ကား ဧလိယသည် ရောက်လာခဲ့ပြီ။ လူတို့သည်လည်း သူနှင့်ပတ်သက်၍ ကျမ်းစာ၌ရေးထားသည့်အတိုင်း သူ့အပေါ် ပြုလိုရာပြုခဲ့ကြပြီ”ဟု မိန့်တော်မူ၏။
14. ထို့နောက် သူတို့သည် အခြားတပည့်တော်တို့ရှိရာသို့ ပြန်လာကြရာ များစွာသောလူထုပရိသတ်သည် တပည့်တော်တို့ကိုဝိုင်းရံလျက်ရှိ၍ ကျမ်းပြုဆရာတို့သည် သူတို့နှင့်ငြင်းခုံပြောဆိုနေကြသည်ကိုတွေ့မြင်ကြ၏။
15. လူထုပရိသတ်အပေါင်းတို့သည် ကိုယ်တော်ကိုမြင်သည်နှင့် အလွန်အံ့သြလျက် ပြေးလာ၍ကိုယ်တော်ကိုနှုတ်ဆက်ကြ၏။
16. ကိုယ်တော်ကလည်း တပည့်တော်တို့အား “သင်တို့သည် ထိုသူတို့နှင့် မည်သည့်အကြောင်းအရာကို ဆွေးနွေးနေကြသနည်း”ဟု မေးတော်မူ၏။