34. သို့သော် သူတို့သည် တိတ်ဆိတ်စွာနေကြ၏။ အကြောင်းမှာ မည်သူသည် အကြီးမြတ်ဆုံးဖြစ်သနည်းဟု လမ်း၌ အချင်းချင်းအချေအတင်ပြောဆိုခဲ့ကြသောကြောင့်ဖြစ်၏။
35. ထိုအခါ ကိုယ်တော်သည်ထိုင်လျက် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ကိုခေါ်ပြီးလျှင် “မည်သူမဆို ပထမဦးဆုံးဖြစ်လိုလျှင် အားလုံးတွင် နောက်ဆုံးဖြစ်ပြီး အားလုံး၏အစေခံဖြစ်ရမည်”ဟု မိန့်တော်မူ၏။
36. ထို့နောက် ကိုယ်တော်သည် သူငယ်တစ်ယောက်ကိုခေါ်၍ သူတို့အလယ်၌ရပ်စေပြီးလျှင် သူ့ကိုပွေ့ချီကာ
37. “ဤသို့သောကလေးသူငယ်များထဲမှ တစ်စုံတစ်ဦးကို ငါ၏နာမ၌လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူသည် ငါ့ကိုမဟုတ်ဘဲ ငါ့အားစေလွှတ်တော်မူသောအရှင်ကိုလက်ခံ၏”ဟု မိန့်တော်မူ၏။
38. ယောဟန်က “ဆရာ၊ ဆရာ၏နာမဖြင့် နတ်ဆိုးများနှင်ထုတ်နေသူတစ်ဦးကို အကျွန်ုပ်တို့တွေ့ခဲ့ပါသည်။ သူသည် အကျွန်ုပ်တို့နှင့်အတူမလိုက်သောကြောင့် သူ့ကိုတားမြစ်ခဲ့ပါသည်”ဟု လျှောက်လေ၏။
39. သို့သော် ယေရှုက “သူ့ကိုမတားမြစ်ကြနှင့်။ အကြောင်းမူကား ငါ၏နာမဖြင့် တန်ခိုးလက္ခဏာကိုပြုပြီးနောက် မကြာမီအတွင်း ငါ့ကိုပုတ်ခတ်ပြောဆိုနိုင်မည့်သူ တစ်စုံတစ်ဦးမျှမရှိ။
40. ငါတို့ကိုမဆန့်ကျင်သောသူသည် ငါတို့ဘက်သားဖြစ်၏။
41. သင်တို့အား ငါအမှန်ဆိုသည်ကား ခရစ်တော်၏တပည့်ဟူသောအမည်နာမကိုထောက်၍ သင်တို့အား ရေတစ်ခွက်ကိုတိုက်သောသူသည် အကျိုးကျေးဇူးကို လုံးဝဆုံးရှုံးရမည်မဟုတ်။
42. သို့သော် ငါ့ကိုယုံကြည်သည့် ဤငယ်သောသူများထဲမှ တစ်စုံတစ်ဦးကို မှားယွင်းစေသောသူသည် ကြီးမားသောကြိတ်ဆုံကျောက်ကို သူ့လည်ပင်း၌ဆွဲလျက် ပင်လယ်ထဲသို့ပစ်ချခံရလျှင် သူ့အတွက် သာ၍ကောင်း၏။
43. သင်၏လက်သည် သင့်ကိုမှားယွင်းစေလျှင် ၎င်းကိုဖြတ်ပစ်လော့။ လက်နှစ်ဖက်ပါလျက် မီးမငြိမ်းနိုင်သည့်ငရဲသို့လားရသည်ထက် လက်တစ်ဖက်နှင့် အသက်ရှင်ခြင်းသို့ဝင်စားရသည်က သင့်အတွက် သာ၍ကောင်း၏။