24. သူငယ်၏ဖခင်က “အကျွန်ုပ်ယုံကြည်ပါ၏။ အကျွန်ုပ်၏မယုံကြည်မှုကို ကူညီမစတော်မူပါ”ဟု ချက်ချင်းအော်ဟစ်လျက် လျှောက်ထားလေ၏။
25. ယေရှုသည် လူထုပရိသတ်ပြေးလာကြသည်ကိုမြင်လျှင် ညစ်ညူးသောနတ်ကိုဆုံးမလျက် “ဆွံ့အ၍ နားပင်းသောနတ်၊ သင့်အား ငါအမိန့်ပေး၏။ သူ့ထံမှထွက်သွားလော့။ နောက်တစ်ဖန် သူ့အထဲသို့မဝင်နှင့်”ဟု မိန့်တော်မူ၏။
26. ထိုအခါ နတ်ဆိုးသည် အော်ဟစ်လျက် သူငယ်ကို ပြင်းထန်စွာတက်စေပြီးလျှင် ထွက်သွားလေ၏။ သူငယ်သည် လူသေကဲ့သို့ဖြစ်သွားသဖြင့် လူအပေါင်းတို့က “သူသေပြီ”ဟု ပြောဆိုကြ၏။
27. သို့သော် ယေရှုသည် သူငယ်၏လက်ကိုကိုင်လျက် သူ့ကိုထူမတော်မူရာ သူသည်ထလေ၏။
28. ထို့နောက် ကိုယ်တော်သည် အိမ်ထဲသို့ဝင်တော်မူလျှင် တပည့်တော်တို့က “အကျွန်ုပ်တို့သည် ထိုနတ်ဆိုးကို အဘယ်ကြောင့် မနှင်ထုတ်နိုင်ပါသနည်း”ဟု တိတ်တဆိတ်မေးလျှောက်ကြ၏။
29. ကိုယ်တော်ကလည်း “ထိုနတ်မျိုးကို ဆုတောင်းခြင်းအားဖြင့်မဟုတ်လျှင် မည်သည့်နည်းနှင့်မျှ မနှင်ထုတ်နိုင်”ဟု မိန့်တော်မူ၏။
30. သူတို့သည် ထိုအရပ်မှထွက်ခွာ၍ ဂါလိလဲနယ်ကိုဖြတ်သွားကြ၏။ သို့သော် ကိုယ်တော်သည် မည်သူ့ကိုမျှ မသိစေလိုချေ။
31. အဘယ်ကြောင့်ဆိုသော် ကိုယ်တော်က တပည့်တော်တို့အား သွန်သင်လျက် “လူ့သားသည် လူတို့၏လက်သို့အပ်နှံခြင်းခံရလိမ့်မည်။ သူတို့သည်လည်း သူ့ကိုသတ်ကြလိမ့်မည်။ သို့သော် အသေသတ်ခြင်းခံရပြီး သုံးရက်ကြာသောအခါ သူသည် ထမြောက်လိမ့်မည်”ဟု မိန့်တော်မူသောကြောင့်ဖြစ်၏။
32. တပည့်တော်တို့သည် ထိုစကားကို နားမလည်ကြသော်လည်း ကိုယ်တော်အားမမေးဝံ့ကြချေ။
33. ထို့နောက် သူတို့သည် ကပေရနောင်မြို့သို့ရောက်ကြ၏။ အိမ်ထဲ၌ရှိတော်မူစဉ် ကိုယ်တော်က တပည့်တော်တို့အား “သင်တို့သည် လမ်း၌ မည်သည့်အကြောင်းအရာကို အချေအတင်ပြောဆိုလာခဲ့ကြသနည်း”ဟု မေးတော်မူ၏။
34. သို့သော် သူတို့သည် တိတ်ဆိတ်စွာနေကြ၏။ အကြောင်းမှာ မည်သူသည် အကြီးမြတ်ဆုံးဖြစ်သနည်းဟု လမ်း၌ အချင်းချင်းအချေအတင်ပြောဆိုခဲ့ကြသောကြောင့်ဖြစ်၏။
35. ထိုအခါ ကိုယ်တော်သည်ထိုင်လျက် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ကိုခေါ်ပြီးလျှင် “မည်သူမဆို ပထမဦးဆုံးဖြစ်လိုလျှင် အားလုံးတွင် နောက်ဆုံးဖြစ်ပြီး အားလုံး၏အစေခံဖြစ်ရမည်”ဟု မိန့်တော်မူ၏။
36. ထို့နောက် ကိုယ်တော်သည် သူငယ်တစ်ယောက်ကိုခေါ်၍ သူတို့အလယ်၌ရပ်စေပြီးလျှင် သူ့ကိုပွေ့ချီကာ
37. “ဤသို့သောကလေးသူငယ်များထဲမှ တစ်စုံတစ်ဦးကို ငါ၏နာမ၌လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူသည် ငါ့ကိုမဟုတ်ဘဲ ငါ့အားစေလွှတ်တော်မူသောအရှင်ကိုလက်ခံ၏”ဟု မိန့်တော်မူ၏။
38. ယောဟန်က “ဆရာ၊ ဆရာ၏နာမဖြင့် နတ်ဆိုးများနှင်ထုတ်နေသူတစ်ဦးကို အကျွန်ုပ်တို့တွေ့ခဲ့ပါသည်။ သူသည် အကျွန်ုပ်တို့နှင့်အတူမလိုက်သောကြောင့် သူ့ကိုတားမြစ်ခဲ့ပါသည်”ဟု လျှောက်လေ၏။
39. သို့သော် ယေရှုက “သူ့ကိုမတားမြစ်ကြနှင့်။ အကြောင်းမူကား ငါ၏နာမဖြင့် တန်ခိုးလက္ခဏာကိုပြုပြီးနောက် မကြာမီအတွင်း ငါ့ကိုပုတ်ခတ်ပြောဆိုနိုင်မည့်သူ တစ်စုံတစ်ဦးမျှမရှိ။