Myanmar Standard Bible

ရှင်​မာ​ကု​ခ​ရစ်​ဝင် 9:22-37 Myanmar Standard Bible (MSB)

22. နတ်​သည် သူ့​ကို​သေ​စေ​ရန် မီး​ထဲ​သို့​လည်း​ကောင်း၊ ရေ​ထဲ​သို့​လည်း​ကောင်း မ​ကြာ​ခ​ဏ​ပစ်​ချ​တတ်​ပါ​၏။ သို့​သော် ကိုယ်​တော်​တစ်​စုံ​တစ်​ခု​တတ်​နိုင်​လျှင် အ​ကျွန်ုပ်​တို့​ကို​သ​နား​၍ ကူ​ညီ​မ​စ​တော်​မူ​ပါ”​ဟု လျှောက်​လေ​၏။

23. ယေ​ရှု​က​လည်း “တတ်​နိုင်​လျှင်​ဟု​ဆို​ရ​သ​လော။ ယုံ​ကြည်​သော​သူ​အ​တွက် အ​ရာ​ခပ်​သိမ်း​သည် ဖြစ်​နိုင်​၏”​ဟု မိန့်​တော်​မူ​၏။

24. သူ​ငယ်​၏​ဖ​ခင်​က “အ​ကျွန်ုပ်​ယုံ​ကြည်​ပါ​၏။ အ​ကျွန်ုပ်​၏​မ​ယုံ​ကြည်​မှု​ကို ကူ​ညီ​မ​စ​တော်​မူ​ပါ”​ဟု ချက်​ချင်း​အော်​ဟစ်​လျက် လျှောက်​ထား​လေ​၏။

25. ယေ​ရှု​သည် လူ​ထု​ပ​ရိ​သတ်​ပြေး​လာ​ကြ​သည်​ကို​မြင်​လျှင် ညစ်​ညူး​သော​နတ်​ကို​ဆုံး​မ​လျက် “ဆွံ့​အ​၍ နား​ပင်း​သော​နတ်၊ သင့်​အား ငါ​အ​မိန့်​ပေး​၏။ သူ့​ထံ​မှ​ထွက်​သွား​လော့။ နောက်​တစ်​ဖန် သူ့​အ​ထဲ​သို့​မ​ဝင်​နှင့်”​ဟု မိန့်​တော်​မူ​၏။

26. ထို​အ​ခါ နတ်​ဆိုး​သည် အော်​ဟစ်​လျက် သူ​ငယ်​ကို ပြင်း​ထန်​စွာ​တက်​စေ​ပြီး​လျှင် ထွက်​သွား​လေ​၏။ သူ​ငယ်​သည် လူ​သေ​ကဲ့​သို့​ဖြစ်​သွား​သ​ဖြင့် လူ​အ​ပေါင်း​တို့​က “သူ​သေ​ပြီ”​ဟု ပြော​ဆို​ကြ​၏။

27. သို့​သော် ယေ​ရှု​သည် သူ​ငယ်​၏​လက်​ကို​ကိုင်​လျက် သူ့​ကို​ထူ​မ​တော်​မူ​ရာ သူ​သည်​ထ​လေ​၏။

28. ထို့​နောက် ကိုယ်​တော်​သည် အိမ်​ထဲ​သို့​ဝင်​တော်​မူ​လျှင် တ​ပည့်​တော်​တို့​က “အ​ကျွန်ုပ်​တို့​သည် ထို​နတ်​ဆိုး​ကို အ​ဘယ်​ကြောင့် မ​နှင်​ထုတ်​နိုင်​ပါ​သ​နည်း”​ဟု တိတ်​တ​ဆိတ်​မေး​လျှောက်​ကြ​၏။

29. ကိုယ်​တော်​က​လည်း “ထို​နတ်​မျိုး​ကို ဆု​တောင်း​ခြင်း​အား​ဖြင့်​မ​ဟုတ်​လျှင် မည်​သည့်​နည်း​နှင့်​မျှ မ​နှင်​ထုတ်​နိုင်”​ဟု မိန့်​တော်​မူ​၏။

30. သူ​တို့​သည် ထို​အ​ရပ်​မှ​ထွက်​ခွာ​၍ ဂါ​လိ​လဲ​နယ်​ကို​ဖြတ်​သွား​ကြ​၏။ သို့​သော် ကိုယ်​တော်​သည် မည်​သူ့​ကို​မျှ မ​သိ​စေ​လို​ချေ။

31. အ​ဘယ်​ကြောင့်​ဆို​သော် ကိုယ်​တော်​က တ​ပည့်​တော်​တို့​အား သွန်​သင်​လျက် “လူ့​သား​သည် လူ​တို့​၏​လက်​သို့​အပ်​နှံ​ခြင်း​ခံ​ရ​လိမ့်​မည်။ သူ​တို့​သည်​လည်း သူ့​ကို​သတ်​ကြ​လိမ့်​မည်။ သို့​သော် အ​သေ​သတ်​ခြင်း​ခံ​ရ​ပြီး သုံး​ရက်​ကြာ​သော​အ​ခါ သူ​သည် ထ​မြောက်​လိမ့်​မည်”​ဟု မိန့်​တော်​မူ​သော​ကြောင့်​ဖြစ်​၏။

32. တ​ပည့်​တော်​တို့​သည် ထို​စ​ကား​ကို နား​မ​လည်​ကြ​သော်​လည်း ကိုယ်​တော်​အား​မ​မေး​ဝံ့​ကြ​ချေ။

33. ထို့​နောက် သူ​တို့​သည် က​ပေ​ရ​နောင်​မြို့​သို့​ရောက်​ကြ​၏။ အိမ်​ထဲ​၌​ရှိ​တော်​မူ​စဉ် ကိုယ်​တော်​က တ​ပည့်​တော်​တို့​အား “သင်​တို့​သည် လမ်း​၌ မည်​သည့်​အ​ကြောင်း​အ​ရာ​ကို အ​ချေ​အ​တင်​ပြော​ဆို​လာ​ခဲ့​ကြ​သ​နည်း”​ဟု မေး​တော်​မူ​၏။

34. သို့​သော် သူ​တို့​သည် တိတ်​ဆိတ်​စွာ​နေ​ကြ​၏။ အ​ကြောင်း​မှာ မည်​သူ​သည် အ​ကြီး​မြတ်​ဆုံး​ဖြစ်​သ​နည်း​ဟု လမ်း​၌ အ​ချင်း​ချင်း​အ​ချေ​အ​တင်​ပြော​ဆို​ခဲ့​ကြ​သော​ကြောင့်​ဖြစ်​၏။

35. ထို​အ​ခါ ကိုယ်​တော်​သည်​ထိုင်​လျက် တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​ကို​ခေါ်​ပြီး​လျှင် “မည်​သူ​မ​ဆို ပ​ထ​မ​ဦး​ဆုံး​ဖြစ်​လို​လျှင် အား​လုံး​တွင် နောက်​ဆုံး​ဖြစ်​ပြီး အား​လုံး​၏​အ​စေ​ခံ​ဖြစ်​ရ​မည်”​ဟု မိန့်​တော်​မူ​၏။

36. ထို့​နောက် ကိုယ်​တော်​သည် သူ​ငယ်​တစ်​ယောက်​ကို​ခေါ်​၍ သူ​တို့​အ​လယ်​၌​ရပ်​စေ​ပြီး​လျှင် သူ့​ကို​ပွေ့​ချီ​ကာ

37. “ဤ​သို့​သော​က​လေး​သူ​ငယ်​များ​ထဲ​မှ တစ်​စုံ​တစ်​ဦး​ကို ငါ​၏​နာ​မ​၌​လက်​ခံ​သော​သူ​သည် ငါ့​ကို​လက်​ခံ​၏။ ငါ့​ကို​လက်​ခံ​သော​သူ​သည် ငါ့​ကို​မ​ဟုတ်​ဘဲ ငါ့​အား​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ကို​လက်​ခံ​၏”​ဟု မိန့်​တော်​မူ​၏။