Myanmar Standard Bible

ရှင်​မာ​ကု​ခ​ရစ်​ဝင် 9:17-26 Myanmar Standard Bible (MSB)

17. ထို​အ​ခါ လူ​ထု​ပ​ရိ​သတ်​ထဲ​မှ​တစ်​ဦး​က “ဆ​ရာ၊ ဆွံ့​အ​သော​နတ်​ပူး​နေ​သည့် အ​ကျွန်ုပ်​၏​သား​ကို ဆ​ရာ့​ထံ​ခေါ်​ဆောင်​လာ​ပါ​၏။

18. နတ်​သည် သူ့​ကို​ဖမ်း​စား​သည့်​အ​ခါ​တိုင်း သူ့​ကို​လှဲ​ချ​၍ သူ​သည် ပါး​စပ်​မှ​အ​မြှုပ်​ထွက်​ပြီး အံ​သွား​ကြိတ်​ကာ မာ​တောင့်​လာ​တတ်​ပါ​၏။ သို့​ဖြစ်​၍ ကိုယ်​တော်​၏​တ​ပည့်​တော်​တို့​အား ထို​နတ်​ကို​နှင်​ထုတ်​ပေး​ရန် တောင်း​ပန်​သော်​လည်း သူ​တို့​သည်​မ​တတ်​နိုင်​ကြ​ပါ”​ဟု လျှောက်​လေ​၏။

19. ကိုယ်​တော်​က​လည်း “အို ယုံ​ကြည်​ခြင်း​မ​ရှိ​သော​မျိုး​ဆက်၊ ငါ​သည် သင်​တို့​နှင့်​အ​တူ မည်​မျှ​ကြာ​အောင်​နေ​ရ​မည်​နည်း။ သင်​တို့​ကို မည်​မျှ​ကြာ​အောင်​သည်း​ခံ​ရ​မည်​နည်း။ သူ့​ကို​ငါ့​ထံ​သို့​ခေါ်​ခဲ့​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

20. ထို​အ​ခါ သူ​တို့​သည် သူ​ငယ်​ကို အ​ထံ​တော်​သို့​ခေါ်​ခဲ့​ကြ​ရာ ထို​နတ်​သည် ကိုယ်​တော်​ကို​မြင်​လျှင် သူ​ငယ်​ကို ချက်​ချင်း​တက်​စေ​သ​ဖြင့် သူ​ငယ်​သည် မြေ​ပေါ်​သို့​လဲ​ကျ​ပြီး ပါး​စပ်​မှ​အ​မြှုပ်​ထွက်​လျက် လူး​လိမ့်​နေ​၏။

21. ကိုယ်​တော်​က သူ​ငယ်​၏​ဖ​ခင်​အား “သူ​၌ ဤ​သို့​ဖြစ်​ခဲ့​သည်​မှာ မည်​မျှ​ကြာ​ပြီ​နည်း”​ဟု မေး​တော်​မူ​ရာ ဖ​ခင်​က “ငယ်​စဉ်​က​တည်း​က​ဖြစ်​ပါ​၏။

22. နတ်​သည် သူ့​ကို​သေ​စေ​ရန် မီး​ထဲ​သို့​လည်း​ကောင်း၊ ရေ​ထဲ​သို့​လည်း​ကောင်း မ​ကြာ​ခ​ဏ​ပစ်​ချ​တတ်​ပါ​၏။ သို့​သော် ကိုယ်​တော်​တစ်​စုံ​တစ်​ခု​တတ်​နိုင်​လျှင် အ​ကျွန်ုပ်​တို့​ကို​သ​နား​၍ ကူ​ညီ​မ​စ​တော်​မူ​ပါ”​ဟု လျှောက်​လေ​၏။

23. ယေ​ရှု​က​လည်း “တတ်​နိုင်​လျှင်​ဟု​ဆို​ရ​သ​လော။ ယုံ​ကြည်​သော​သူ​အ​တွက် အ​ရာ​ခပ်​သိမ်း​သည် ဖြစ်​နိုင်​၏”​ဟု မိန့်​တော်​မူ​၏။

24. သူ​ငယ်​၏​ဖ​ခင်​က “အ​ကျွန်ုပ်​ယုံ​ကြည်​ပါ​၏။ အ​ကျွန်ုပ်​၏​မ​ယုံ​ကြည်​မှု​ကို ကူ​ညီ​မ​စ​တော်​မူ​ပါ”​ဟု ချက်​ချင်း​အော်​ဟစ်​လျက် လျှောက်​ထား​လေ​၏။

25. ယေ​ရှု​သည် လူ​ထု​ပ​ရိ​သတ်​ပြေး​လာ​ကြ​သည်​ကို​မြင်​လျှင် ညစ်​ညူး​သော​နတ်​ကို​ဆုံး​မ​လျက် “ဆွံ့​အ​၍ နား​ပင်း​သော​နတ်၊ သင့်​အား ငါ​အ​မိန့်​ပေး​၏။ သူ့​ထံ​မှ​ထွက်​သွား​လော့။ နောက်​တစ်​ဖန် သူ့​အ​ထဲ​သို့​မ​ဝင်​နှင့်”​ဟု မိန့်​တော်​မူ​၏။

26. ထို​အ​ခါ နတ်​ဆိုး​သည် အော်​ဟစ်​လျက် သူ​ငယ်​ကို ပြင်း​ထန်​စွာ​တက်​စေ​ပြီး​လျှင် ထွက်​သွား​လေ​၏။ သူ​ငယ်​သည် လူ​သေ​ကဲ့​သို့​ဖြစ်​သွား​သ​ဖြင့် လူ​အ​ပေါင်း​တို့​က “သူ​သေ​ပြီ”​ဟု ပြော​ဆို​ကြ​၏။