12. ကိုယ်တော်ကလည်း “ဧလိယသည် ဦးစွာလာ၍ အရာခပ်သိမ်းတို့ကို ပြန်လည်ထူထောင်မည်မှန်၏။ သို့ရာတွင် လူ့သားသည် ဒုက္ခဝေဒနာများစွာခံစားရပြီး ပစ်ပယ်ခြင်းကိုခံရမည်ဟု ရေးထားသည်မှာ မည်သို့နည်း။
13. သို့သော် သင်တို့အား ငါဆိုသည်ကား ဧလိယသည် ရောက်လာခဲ့ပြီ။ လူတို့သည်လည်း သူနှင့်ပတ်သက်၍ ကျမ်းစာ၌ရေးထားသည့်အတိုင်း သူ့အပေါ် ပြုလိုရာပြုခဲ့ကြပြီ”ဟု မိန့်တော်မူ၏။
14. ထို့နောက် သူတို့သည် အခြားတပည့်တော်တို့ရှိရာသို့ ပြန်လာကြရာ များစွာသောလူထုပရိသတ်သည် တပည့်တော်တို့ကိုဝိုင်းရံလျက်ရှိ၍ ကျမ်းပြုဆရာတို့သည် သူတို့နှင့်ငြင်းခုံပြောဆိုနေကြသည်ကိုတွေ့မြင်ကြ၏။
15. လူထုပရိသတ်အပေါင်းတို့သည် ကိုယ်တော်ကိုမြင်သည်နှင့် အလွန်အံ့သြလျက် ပြေးလာ၍ကိုယ်တော်ကိုနှုတ်ဆက်ကြ၏။
16. ကိုယ်တော်ကလည်း တပည့်တော်တို့အား “သင်တို့သည် ထိုသူတို့နှင့် မည်သည့်အကြောင်းအရာကို ဆွေးနွေးနေကြသနည်း”ဟု မေးတော်မူ၏။
17. ထိုအခါ လူထုပရိသတ်ထဲမှတစ်ဦးက “ဆရာ၊ ဆွံ့အသောနတ်ပူးနေသည့် အကျွန်ုပ်၏သားကို ဆရာ့ထံခေါ်ဆောင်လာပါ၏။
18. နတ်သည် သူ့ကိုဖမ်းစားသည့်အခါတိုင်း သူ့ကိုလှဲချ၍ သူသည် ပါးစပ်မှအမြှုပ်ထွက်ပြီး အံသွားကြိတ်ကာ မာတောင့်လာတတ်ပါ၏။ သို့ဖြစ်၍ ကိုယ်တော်၏တပည့်တော်တို့အား ထိုနတ်ကိုနှင်ထုတ်ပေးရန် တောင်းပန်သော်လည်း သူတို့သည်မတတ်နိုင်ကြပါ”ဟု လျှောက်လေ၏။
19. ကိုယ်တော်ကလည်း “အို ယုံကြည်ခြင်းမရှိသောမျိုးဆက်၊ ငါသည် သင်တို့နှင့်အတူ မည်မျှကြာအောင်နေရမည်နည်း။ သင်တို့ကို မည်မျှကြာအောင်သည်းခံရမည်နည်း။ သူ့ကိုငါ့ထံသို့ခေါ်ခဲ့ကြလော့”ဟု မိန့်တော်မူ၏။
20. ထိုအခါ သူတို့သည် သူငယ်ကို အထံတော်သို့ခေါ်ခဲ့ကြရာ ထိုနတ်သည် ကိုယ်တော်ကိုမြင်လျှင် သူငယ်ကို ချက်ချင်းတက်စေသဖြင့် သူငယ်သည် မြေပေါ်သို့လဲကျပြီး ပါးစပ်မှအမြှုပ်ထွက်လျက် လူးလိမ့်နေ၏။
21. ကိုယ်တော်က သူငယ်၏ဖခင်အား “သူ၌ ဤသို့ဖြစ်ခဲ့သည်မှာ မည်မျှကြာပြီနည်း”ဟု မေးတော်မူရာ ဖခင်က “ငယ်စဉ်ကတည်းကဖြစ်ပါ၏။
22. နတ်သည် သူ့ကိုသေစေရန် မီးထဲသို့လည်းကောင်း၊ ရေထဲသို့လည်းကောင်း မကြာခဏပစ်ချတတ်ပါ၏။ သို့သော် ကိုယ်တော်တစ်စုံတစ်ခုတတ်နိုင်လျှင် အကျွန်ုပ်တို့ကိုသနား၍ ကူညီမစတော်မူပါ”ဟု လျှောက်လေ၏။
23. ယေရှုကလည်း “တတ်နိုင်လျှင်ဟုဆိုရသလော။ ယုံကြည်သောသူအတွက် အရာခပ်သိမ်းသည် ဖြစ်နိုင်၏”ဟု မိန့်တော်မူ၏။