6. ထိုအခါ ကိုယ်တော်သည် လူထုပရိသတ်ကို မြေပေါ်၌ထိုင်ကြရန် မိန့်မှာတော်မူလျက် မုန့်ခုနစ်လုံးကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် ၎င်းတို့ကိုဖဲ့ကာ လူအစုအဝေးတို့အားဝေပေးရန် တပည့်တော်တို့ကိုပေးတော်မူ၏။ တပည့်တော်တို့သည်လည်း လူထုပရိသတ်တို့အားဝေပေးကြ၏။
7. သူတို့၌ ငါးကလေးအနည်းငယ်ရှိသဖြင့် ၎င်းတို့အတွက် ကျေးဇူးတော်ချီးမွမ်းပြီးမှ ထိုငါးတို့ကိုလည်း ဝေပေးရန် မိန့်တော်မူ၏။
8. လူတို့သည် စား၍ဝကြ၏။ ထို့နောက် ကြွင်းကျန်သောမုန့်အကျိုးအပဲ့များကို ကောက်သိမ်းကြရာ ခုနစ်တောင်းရကြ၏။
9. ထိုနေရာ၌ လူလေးထောင်ခန့်ရှိကြ၏။ ထို့နောက် ကိုယ်တော်သည် လူတို့ကို ပြန်လွှတ်တော်မူပြီးလျှင်
10. တပည့်တော်တို့နှင့်အတူ လှေပေါ်သို့ချက်ချင်းတက်၍ ဒါလမနုသနယ်မြေဒေသများသို့ ကြွတော်မူ၏။
11. ထိုအခါ ဖာရိရှဲတို့သည်ထွက်လာ၍ ကိုယ်တော်နှင့်ငြင်းခုံပြောဆိုကြကာ ကိုယ်တော်ကိုစမ်းသပ်လိုသဖြင့် ကောင်းကင်မှနိမိတ်လက္ခဏာကို တောင်းဆိုကြ၏။
12. ကိုယ်တော်သည် မိမိစိတ်တော်ထဲ၌ သက်ပြင်းချကာ “ဤမျိုးဆက်သည် အဘယ်ကြောင့် နိမိတ်လက္ခဏာကိုတောင်းဆိုသနည်း။ သင်တို့အား ငါအမှန်ဆိုသည်ကား ဤမျိုးဆက်အား မည်သည့်နိမိတ်လက္ခဏာကိုမျှ ပြလိမ့်မည်မဟုတ်”ဟု မိန့်တော်မူပြီးလျှင်
13. သူတို့ကိုထားခဲ့၍ တစ်ဖန် လှေပေါ်သို့တက်ကာ တစ်ဖက်ကမ်းသို့ကူးတော်မူ၏။
14. တပည့်တော်တို့သည် မုန့်ကိုယူဆောင်လာရန် မေ့လျော့ကြသဖြင့် လှေပေါ်တွင် သူတို့၌မုန့်တစ်လုံးတည်းသာရှိ၏။
15. ထိုအခါ ကိုယ်တော်က “ဖာရိရှဲတို့၏တဆေးနှင့် ဟေရုဒ်၏တဆေးတို့ကို အထူးသတိပြုကြလော့”ဟု မိန့်မှာတော်မူ၏။
16. တပည့်တော်တို့ကလည်း မိမိတို့၌ မုန့်မပါသောကြောင့်ဖြစ်သည်ဟု အချင်းချင်းအချေအတင်ပြောဆိုကြ၏။
17. ထိုသို့ပြောဆိုကြသည်ကို ကိုယ်တော်သိတော်မူလျှင် “သင်တို့၌မုန့်မပါကြောင်းကို အဘယ်ကြောင့်အချေအတင်ပြောဆိုကြသနည်း။ သင်တို့သဘောမပေါက်နားမလည်ကြသေးသလော။ သင်တို့စိတ်နှလုံးသည် မာကျောလျက်ရှိနေသေးသလော။
18. သင်တို့သည် မျက်စိရှိလျက်နှင့်မမြင်ကြသလော။ နားရှိလျက်နှင့်မကြားကြသလော။ သင်တို့မမှတ်မိကြသလော။
19. မုန့်ငါးလုံးကို လူငါးထောင်အတွက် ငါဖဲ့ခဲ့စဉ်က မုန့်အကျိုးအပဲ့များကို တောင်းအပြည့်ဘယ်နှတောင်းကောက်သိမ်းခဲ့ကြသနည်း”ဟု မေးတော်မူလျှင် သူတို့က “တစ်ဆယ့်နှစ်တောင်း”ဟု ပြန်လျှောက်ကြ၏။