Myanmar Standard Bible

ရှင်​မာ​ကု​ခ​ရစ်​ဝင် 8:24-38 Myanmar Standard Bible (MSB)

24. သူ​သည် မော့​ကြည့်​လျက် “လူ​တို့​ကို​မြင်​ရ​ပါ​၏။ သစ်​ပင်​များ​ကဲ့​သို့​ဖြစ်​ကြ​ပြီး လမ်း​လျှောက်​နေ​ကြ​သည်​ကို မြင်​ရ​ပါ​၏”​ဟု လျှောက်​လေ​၏။

25. ထို့​နောက် ကိုယ်​တော်​သည် သူ​၏​မျက်​စိ​ပေါ်​သို့ လက်​တော်​ကို တစ်​ဖန်​တင်​တော်​မူ​၏။ ထို​အ​ခါ သူ​သည် ရှင်း​လင်း​စွာ​မြင်​ရ​၍ အ​ကောင်း​ပ​က​တိ​ဖြစ်​ကာ အား​လုံး​ကို ကြည်​လင်​စွာ​မြင်​ရ​လေ​၏။

26. ကိုယ်​တော်​က​လည်း “ရွာ​ထဲ​သို့​မ​ဝင်​နှင့်”​ဟု မိန့်​တော်​မူ​ပြီး သူ့​ကို မိ​မိ​အိမ်​သို့ ပြန်​လွှတ်​တော်​မူ​၏။

27. ထို့​နောက် ယေ​ရှု​သည် တ​ပည့်​တော်​တို့​နှင့်​အ​တူ ဆီ​ဇာ​ရီး​ယား ဖိ​လိပ္ပိ​နယ်​ရှိ ကျေး​ရွာ​များ​သို့​ကြွ​တော်​မူ​၏။ လမ်း​ခ​ရီး​၌ တ​ပည့်​တော်​တို့​အား “လူ​တို့​သည် ငါ့​ကို မည်​သူ​ဖြစ်​သည်​ဟု​ဆို​ကြ​သ​နည်း”​ဟူ​၍ မေး​တော်​မူ​၏။

28. တ​ပည့်​တော်​တို့​က​လည်း “ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ဟု ဆို​ကြ​ပါ​သည်။ သို့​သော် အ​ချို့​တို့​က ဧ​လိ​ယ​ဟု ဆို​ကြ​၍ အ​ချို့​တို့​က​လည်း ပ​ရော​ဖက်​များ​ထဲ​မှ​တစ်​ပါး​ပါး​ဖြစ်​သည်​ဟု ဆို​ကြ​ပါ​သည်”​ဟူ​၍ ပြန်​လျှောက်​ကြ​၏။

29. ကိုယ်​တော်​က​လည်း “သင်​တို့​မူ​ကား ငါ့​ကို မည်​သူ​ဖြစ်​သည်​ဟု​ဆို​ကြ​သ​နည်း”​ဟူ​၍ မေး​တော်​မူ​လျှင် ပေ​တ​ရု​က “ကိုယ်​တော်​သည် ခ​ရစ်​တော်​ဖြစ်​ပါ​သည်”​ဟု ပြန်​လျှောက်​လေ​၏။

30. ထို​အ​ခါ ကိုယ်​တော်​သည် မိ​မိ​အ​ကြောင်း​ကို မည်​သူ့​ကို​မျှ​မ​ပြော​ရန် သူ​တို့​အား သ​တိ​ပေး​တော်​မူ​၏။

31. ထို့​နောက် ကိုယ်​တော်​က လူ့​သား​သည် ဒုက္ခ​ဝေ​ဒ​နာ​များ​စွာ​ခံ​စား​ရ​လျက် သက်​ကြီး​ဝါ​ကြီး​များ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​၏​ငြင်း​ပယ်​ခြင်း​ကို​ခံ​ရ​ပြီး အ​သေ​သတ်​ခြင်း​ခံ​ရ​ကာ သုံး​ရက်​ကြာ​သော​အ​ခါ ထ​မြောက်​ရ​မည်​ဖြစ်​ကြောင်း​ကို တ​ပည့်​တော်​တို့​အား သွန်​သင်​တော်​မူ​၏။

32. ကိုယ်​တော်​သည် ထို​အ​ကြောင်း​အ​ရာ​ကို အ​တိ​အ​လင်း​မိန့်​တော်​မူ​သော​အ​ခါ ပေ​တ​ရု​သည် ကိုယ်​တော်​ကို ဘေး​ဘက်​သို့​ခေါ်​၍ ပြစ်​တင်​ပြော​ဆို​လေ​၏။

33. သို့​သော် ကိုယ်​တော်​သည် လှည့်​၍ တ​ပည့်​တော်​များ​ကို​ကြည့်​ရှု​လျက် ပေ​တ​ရု​ကို​ဆုံး​မ​ကာ “အ​ချင်း​စာ​တန်၊ ငါ့​နောက်​သို့​ဆုတ်​လော့။ အ​ကြောင်း​မူ​ကား သင်​သည် ဘု​ရား​သ​ခင်​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို​မ​စွဲ​လမ်း​ဘဲ လူ​တို့​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို​သာ စွဲ​လမ်း​၏”​ဟု မိန့်​တော်​မူ​၏။

34. ထို့​နောက် ကိုယ်​တော်​သည် တ​ပည့်​တော်​များ​နှင့်​တ​ကွ လူ​ထု​ပ​ရိ​သတ်​ကို​ခေါ်​၍ “မည်​သူ​မ​ဆို ငါ့​နောက်​သို့​လိုက်​လို​လျှင် မိ​မိ​ကိုယ်​ကို​ငြင်း​ပယ်​ပြီး မိ​မိ​၏​လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း​လျက် ငါ့​နောက်​သို့​လိုက်​ရ​မည်။

35. အ​ကြောင်း​မှာ မိ​မိ​အ​သက်​ကို​ကယ်​တင်​လို​သော​သူ​သည် အ​သက်​ကို​ဆုံး​ရှုံး​ရ​လိမ့်​မည်။ ငါ​နှင့်​ကောင်း​မြတ်​သော​သ​တင်း​အ​တွက် မိ​မိ​အ​သက်​ကို ဆုံး​ရှုံး​ရ​သော​သူ​မူ​ကား မိ​မိ​အ​သက်​ကို​ကယ်​တင်​လိမ့်​မည်။

36. လူ​သည် ကမ္ဘာ​လော​က​တစ်​ခု​လုံး​ကို​ရ​ရှိ​သော်​လည်း မိ​မိ​အ​သက်​ဝိ​ညာဉ်​ဆုံး​ရှုံး​လျှင် မည်​သည့်​အ​ကျိုး​ရှိ​မည်​နည်း။

37. တစ်​နည်း​အား​ဖြင့် လူ​သည် မည်​သည့်​အ​ရာ​ကို​ပေး​၍ မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို ပြန်​ရွေး​နိုင်​မည်​နည်း။

38. အ​ကြောင်း​မူ​ကား ဖောက်​ပြန်​၍ အ​ပြစ်​နှင့်​ပြည့်​နေ​သော ဤ​ခေတ်​ကာ​လ​၌ မည်​သူ​မ​ဆို ငါ​နှင့်​ငါ့​စ​ကား​အ​တွက်​ရှက်​လျှင် လူ့​သား​သည်​လည်း သန့်​ရှင်း​သော​ကောင်း​ကင်​တ​မန်​များ​နှင့်​အ​တူ မိ​မိ​ခ​မည်း​တော်​၏​ဘုန်း​အ​သ​ရေ​ကို​ဆောင်​လျက် ကြွ​လာ​သော​အ​ခါ ထို​သူ​အ​တွက်​ရှက်​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။