1. ထိုနေ့ရက်တို့၌ များစွာသောလူထုပရိသတ်သည် တစ်ဖန်စုဝေးလာကြ၏။ ထိုသူတို့၌ စားစရာမရှိသောကြောင့် ယေရှုသည် တပည့်တော်တို့ကိုခေါ်၍
2. “ဤလူထုပရိသတ်ကို ငါသနား၏။ အကြောင်းမူကား သူတို့သည် သုံးရက်တိုင်တိုင် ငါနှင့်အတူရှိကြပြီး သူတို့၌ မည်သည့်စားစရာမျှမရှိ။
3. သူတို့ထဲမှ အချို့တို့သည် အဝေးမှလာကြသည်ဖြစ်၍ သူတို့ကိုဘာမျှမကျွေးဘဲ မိမိတို့အိမ်သို့ပြန်သွားစေလျှင် သူတို့သည် လမ်းခရီး၌ အားပြတ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
4. တပည့်တော်တို့ကလည်း “ဤတောကန္တာရ၌ မည်သူသည် အဘယ်ကမုန့်ကိုယူ၍ ဤသူတို့အား ဝလင်စွာကျွေးနိုင်ပါမည်နည်း”ဟု ပြန်လျှောက်ကြ၏။
5. ယေရှုကလည်း “သင်တို့တွင် မုန့်မည်မျှရှိသနည်း”ဟု မေးတော်မူရာ သူတို့က “မုန့်ခုနစ်လုံးရှိပါသည်”ဟု ပြန်လျှောက်ကြ၏။
6. ထိုအခါ ကိုယ်တော်သည် လူထုပရိသတ်ကို မြေပေါ်၌ထိုင်ကြရန် မိန့်မှာတော်မူလျက် မုန့်ခုနစ်လုံးကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် ၎င်းတို့ကိုဖဲ့ကာ လူအစုအဝေးတို့အားဝေပေးရန် တပည့်တော်တို့ကိုပေးတော်မူ၏။ တပည့်တော်တို့သည်လည်း လူထုပရိသတ်တို့အားဝေပေးကြ၏။
7. သူတို့၌ ငါးကလေးအနည်းငယ်ရှိသဖြင့် ၎င်းတို့အတွက် ကျေးဇူးတော်ချီးမွမ်းပြီးမှ ထိုငါးတို့ကိုလည်း ဝေပေးရန် မိန့်တော်မူ၏။
8. လူတို့သည် စား၍ဝကြ၏။ ထို့နောက် ကြွင်းကျန်သောမုန့်အကျိုးအပဲ့များကို ကောက်သိမ်းကြရာ ခုနစ်တောင်းရကြ၏။
9. ထိုနေရာ၌ လူလေးထောင်ခန့်ရှိကြ၏။ ထို့နောက် ကိုယ်တော်သည် လူတို့ကို ပြန်လွှတ်တော်မူပြီးလျှင်
10. တပည့်တော်တို့နှင့်အတူ လှေပေါ်သို့ချက်ချင်းတက်၍ ဒါလမနုသနယ်မြေဒေသများသို့ ကြွတော်မူ၏။
11. ထိုအခါ ဖာရိရှဲတို့သည်ထွက်လာ၍ ကိုယ်တော်နှင့်ငြင်းခုံပြောဆိုကြကာ ကိုယ်တော်ကိုစမ်းသပ်လိုသဖြင့် ကောင်းကင်မှနိမိတ်လက္ခဏာကို တောင်းဆိုကြ၏။
12. ကိုယ်တော်သည် မိမိစိတ်တော်ထဲ၌ သက်ပြင်းချကာ “ဤမျိုးဆက်သည် အဘယ်ကြောင့် နိမိတ်လက္ခဏာကိုတောင်းဆိုသနည်း။ သင်တို့အား ငါအမှန်ဆိုသည်ကား ဤမျိုးဆက်အား မည်သည့်နိမိတ်လက္ခဏာကိုမျှ ပြလိမ့်မည်မဟုတ်”ဟု မိန့်တော်မူပြီးလျှင်