13. သူတို့သည် များစွာသောနတ်ဆိုးတို့ကိုနှင်ထုတ်ကာ မကျန်းမာသောသူများစွာတို့ကို ဆီလိမ်း၍ကျန်းမာစေကြ၏။
14. ကိုယ်တော်၏နာမတော်သည် ထင်ပေါ်ကျော်ကြားလာသဖြင့် ဟေရုဒ်မင်း၏နားတော်သို့ရောက်လေ၏။ လူအချို့တို့က “ဗတ္တိဇံဆရာယောဟန်သည် သေသောသူတို့ထဲမှ ထမြောက်လေပြီ။ ထို့ကြောင့် သူ၌ တန်ခိုးလက္ခဏာများထင်ရှားနေ၏”ဟု ဆိုကြ၏။
15. အချို့တို့ကလည်း “သူသည် ဧလိယဖြစ်၏”ဟု ဆိုကြပြီး အချို့တို့ကလည်း “ရှေးပရောဖက်များတစ်ပါးပါးကဲ့သို့သောပရောဖက်ဖြစ်၏”ဟု ဆိုကြ၏။
16. ဟေရုဒ်သည်ကြားလျှင် “ငါခေါင်းဖြတ်ကွပ်မျက်ခဲ့သောယောဟန်သည် ထမြောက်လေပြီ”ဟု ဆို၏။
17. ထိုသို့ဆိုသည့်အကြောင်းမှာ ဟေရုဒ်သည် မိမိအစ်ကို ဖိလိပ္ပု၏ဇနီး ဟေရောဒိကိစ္စကြောင့် သူကိုယ်တိုင်လူလွှတ်၍ ယောဟန်ကိုဖမ်းဆီးကာ ထောင်ထဲ၌ ချုပ်နှောင်ထား၏။ အဘယ်ကြောင့်ဆိုသော် ဟေရုဒ်သည် ထိုမိန်းမနှင့်ထိမ်းမြားစုံဖက်သဖြင့်
18. ယောဟန်က “သင်သည် အစ်ကို၏ဇနီးကိုသိမ်းယူခြင်းမှာ တရားတော်နှင့်မညီပါ”ဟု ပြောခဲ့သောကြောင့်ဖြစ်၏။
19. ဟေရောဒိသည် ယောဟန်ကိုရန်ငြိုးထားလျက် သတ်လိုသော်လည်း အခွင့်မရခဲ့ချေ။
20. အကြောင်းမူကား ယောဟန်သည် ဖြောင့်မတ်သန့်ရှင်းသူဖြစ်ကြောင်း ဟေရုဒ်သည်သိ၍ သူ့ကိုကြောက်ရွံ့ရိုသေလျက် စောင့်ရှောက်ထားသည့်အပြင် ယောဟန်၏စကားကိုကြားရသည့်အခါ အလွန်စိတ်အနှောင့်အယှက်ဖြစ်တတ်သော်လည်း ဝမ်းမြောက်စွာနားထောင်လေ့ရှိသောကြောင့်ဖြစ်၏။
21. သို့သော် အခွင့်ကောင်းရောက်လာလေ၏။ ဟေရုဒ်သည် မိမိ၏မွေးနေ့၌ မှူးကြီးမတ်ရာများ၊ တပ်မှူးကြီးများနှင့် ဂါလိလဲနယ်၏ခေါင်းဆောင်များအတွက် ညစာစားပွဲကျင်းပသောအခါ
22. ဟေရောဒိ၏သမီးသည် ထိုစားပွဲသို့ဝင်လာ၍ ကပြလျက် ဟေရုဒ်မှစ၍ သူနှင့်အတူစားသောက်ပွဲ၌ထိုင်နေသောသူတို့ကို နှစ်သက်စေ၏။ ဟေရုဒ်က “လိုချင်သမျှသောအရာကိုတောင်းလော့။ သင့်ကို ငါပေးမည်”ဟု မိန်းကလေးအားဆိုပြီးမှ
23. တစ်ဖန် “ငါ့ကိုသင်တောင်းသမျှ ငါ့နိုင်ငံတစ်ဝက်တိုင်အောင် သင့်အား ငါပေးမည်”ဟု တိုင်တည်ပြောဆိုလေ၏။
24. ထိုအခါ မိန်းကလေးသည်ထွက်သွား၍ “မည်သည့်အရာကို တောင်းရပါမည်နည်း”ဟု မိမိ၏မိခင်အားမေးလေရာ မိခင်က “ဗတ္တိဇံဆရာယောဟန်၏ဦးခေါင်း”ဟု ဆို၏။
25. သူသည်လည်း ချက်ချင်းပင် မင်းကြီးထံအလျင်အမြန်ဝင်၍ “ဗတ္တိဇံဆရာယောဟန်၏ဦးခေါင်းကို လင်ပန်းပေါ်တင်၍ ယခုပင် ကျွန်မအားပေးစေလိုပါသည်”ဟု တောင်းလျှောက်လေ၏။
26. မင်းကြီးသည် အလွန်စိတ်မကောင်းဖြစ်သော်လည်း ပြုထားသောကတိသစ္စာကိုလည်းကောင်း၊ စားပွဲ၌ထိုင်နေသောသူတို့၏မျက်နှာကိုလည်းကောင်း ထောက်၍ သူ့ကို မငြင်းဆန်လိုသဖြင့်