1. ထို့နောက် ယေရှုသည် ထိုနေရာမှထွက်ခွာ၍ မိမိ၏နေရင်းမြို့သို့ကြွတော်မူ၏။ တပည့်တော်တို့သည်လည်း နောက်တော်သို့လိုက်ကြ၏။
2. ဥပုသ်နေ့ရောက်သောအခါ ဝတ်ပြုစည်းဝေးကျောင်း၌ သွန်သင်တော်မူရာ ကြားနာသူများစွာတို့သည် အံ့အားသင့်လျက် “ဤသူသည် ဤအရာများကို အဘယ်ကရသနည်း။ ဤသူရသည့်ဉာဏ်ပညာနှင့် သူ့လက်ဖြင့်ပြုသော တန်ခိုးလက္ခဏာများကား မည်သို့နည်း။
3. သူသည် လက်သမားမဟုတ်လော။ မာရိ၏သားဖြစ်ပြီး ယာကုပ်၊ ယောသေ၊ ယုဒနှင့်ရှိမုန်တို့၏အစ်ကိုမဟုတ်လော။ သူ၏နှမများသည်လည်း ငါတို့နှင့်အတူ ဤအရပ်၌ရှိကြသည်မဟုတ်လော”ဟု ပြောဆိုကာ ကိုယ်တော်အပေါ်ဘဝင်မကျဖြစ်ကြ၏။
4. ယေရှုကလည်း “ပရောဖက်သည် မိမိ၏နေရင်းမြို့၊ မိမိ၏ဆွေမျိုးများကြားနှင့် မိမိ၏အိမ်တို့မှတစ်ပါး မည်သည့်အရပ်၌မျှ ဂုဏ်သရေမဲ့သည်ဟူ၍မရှိ”ဟု မိန့်တော်မူ၏။
5. ကိုယ်တော်သည် မကျန်းမာသောသူအနည်းငယ်တို့အပေါ် လက်တော်တင်လျက် ကျန်းမာစေခဲ့ခြင်းမှတစ်ပါး ထိုနေရာ၌ မည်သည့်တန်ခိုးလက္ခဏာကိုမျှမပြုနိုင်ခဲ့ပေ။
6. ကိုယ်တော်သည် သူတို့၏မယုံကြည်မှုအတွက် အံ့သြတော်မူပြီး ဝန်းကျင်ရှိကျေးရွာများသို့ လှည့်လည်၍သွန်သင်တော်မူ၏။
7. ထို့နောက် ကိုယ်တော်သည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ကိုခေါ်၍ နှစ်ဦးစီနှစ်ဦးစီစေလွှတ်ကာ သူတို့အား ညစ်ညူးသောနတ်တို့ကို နိုင်ရသောအခွင့်အာဏာကိုပေးတော်မူ၏။
8. ထို့ပြင် လမ်းခရီးအတွက် တောင်ဝှေးတစ်ချောင်းမှတစ်ပါး မည်သည့်အရာကိုမျှမယူသွားကြရန်နှင့် အစားအစာ၊ လွယ်အိတ်နှင့် ကြေးဒင်္ဂါးတို့ကိုလည်း ခါးပန်း၌မထည့်သွားဘဲ
9. ဖိနပ်ကိုသာစီး၍ အင်္ကျီကိုလည်း နှစ်ထပ်မဝတ်သွားကြရန် မိန့်မှာတော်မူ၏။
10. တစ်ဖန် သူတို့အား “မည်သည့်အရပ်တွင်မဆို အိမ်တစ်အိမ်သို့ သင်တို့ဝင်ကြသောအခါ ထိုအရပ်မှပြန်လည်ထွက်ခွာသည့်တိုင်အောင် ထိုအိမ်၌တည်းခိုကြလော့။
11. မည်သည့်အရပ်၌မဆို သင်တို့ကိုလက်မခံ၊ သင်တို့၏စကားကိုလည်းနားမထောင်လျှင် ထိုအရပ်မှထွက်ခွာကြစဉ် သူတို့တစ်ဖက်၌ သက်သေဖြစ်စေရန် သင်တို့၏ခြေဖဝါးမှမြေမှုန့်ကို ခါချခဲ့ကြလော့”ဟု မိန့်တော်မူ၏။
12. ထိုအခါ တပည့်တော်တို့သည်ထွက်သွား၍ လူတို့နောင်တရကြမည့်အကြောင်း ဟောပြောကြ၏။
13. သူတို့သည် များစွာသောနတ်ဆိုးတို့ကိုနှင်ထုတ်ကာ မကျန်းမာသောသူများစွာတို့ကို ဆီလိမ်း၍ကျန်းမာစေကြ၏။
14. ကိုယ်တော်၏နာမတော်သည် ထင်ပေါ်ကျော်ကြားလာသဖြင့် ဟေရုဒ်မင်း၏နားတော်သို့ရောက်လေ၏။ လူအချို့တို့က “ဗတ္တိဇံဆရာယောဟန်သည် သေသောသူတို့ထဲမှ ထမြောက်လေပြီ။ ထို့ကြောင့် သူ၌ တန်ခိုးလက္ခဏာများထင်ရှားနေ၏”ဟု ဆိုကြ၏။