Myanmar Standard Bible

ရှင်​မာ​ကု​ခ​ရစ်​ဝင် 4:12-26 Myanmar Standard Bible (MSB)

12. ဤ​သည်​ကား သူ​တို့​သည် မြင်​လျက်​ပင် သ​တိ​မ​မူ​ဘဲ​မြင်​၍ ကြား​လျက်​ပင် နား​မ​လည်​ဘဲ​ကြား​ကြ​စေ​ရန်​ဖြစ်​၏။ သို့​မ​ဟုတ်​လျှင် သူ​တို့​သည် ပြောင်း​လဲ​၍ ခွင့်​လွှတ်​ခြင်း​ခံ​ရ​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

13. ထို့​နောက် ကိုယ်​တော်​က “ဤ​ပုံ​ဥ​ပ​မာ​ကို​နား​မ​လည်​ကြ​သ​လော။ သို့​ဖြစ်​လျှင် သင်​တို့​သည် ပုံ​ဥ​ပ​မာ​အား​လုံး​ကို မည်​ကဲ့​သို့​နား​လည်​ကြ​မည်​နည်း။

14. မျိုး​ကြဲ​သော​သူ​သည် တ​ရား​စ​ကား​ကို​ကြဲ​၏။

15. တ​ရား​စ​ကား​ကို​ကြဲ​သော​အ​ခါ လမ်း​ဘေး​တွင် ကြဲ​ခြင်း​ခံ​ရ​သည်​ဆို​သည်​မှာ ဤ​သို့​သော​သူ​တို့​ကို​ဆို​လို​၏။ တ​ရား​စ​ကား​ကို​သူ​တို့​ကြား​သော​အ​ခါ စာ​တန်​သည်​ချက်​ချင်း​လာ​၍ သူ​တို့​၌​ကြဲ​ထား​သော​တ​ရား​စ​ကား​ကို နုတ်​ယူ​လေ​၏။

16. ကျောက်​ပေါ​များ​သော​နေ​ရာ​တွင် ကြဲ​ခြင်း​ခံ​ရ​သည်​ဆို​သည်​မှာ တ​ရား​စ​ကား​ကို​ကြား​သော​အ​ခါ ဝမ်း​မြောက်​စွာ​ဖြင့် ချက်​ချင်း​လက်​ခံ​သော​သူ​တို့​ကို​ဆို​လို​၏။

17. သို့​သော် သူ​တို့​၌​အ​မြစ်​မ​စွဲ​သ​ဖြင့် ခ​ဏ​သာ​ခံ​၏။ တ​ရား​စ​ကား​ကြောင့် ဆင်း​ရဲ​ဒုက္ခ သို့​မ​ဟုတ် ညှဉ်း​ဆဲ​ခြင်း​ရောက်​လာ​သော​အ​ခါ ချက်​ချင်း​စိတ်​ပျက်​သွား​ကြ​၏။

18. အ​ချို့​တို့​မူ​ကား ဆူး​ပင်​တို့​တွင် ကြဲ​ခြင်း​ခံ​ရ​ကြ​၏။ ဤ​သည်​ကား တ​ရား​စ​ကား​ကို​ကြား​သော်​လည်း

19. လော​ကီ​ရေး​ရာ​၌ စိုး​ရိမ်​ပူ​ပန်​ခြင်း၊ စည်း​စိမ်​၏​လှည့်​ဖြား​ခြင်း​နှင့် အ​ခြား​သော​တပ်​မက်​ခြင်း​များ​ဝင်​လာ​၍ တ​ရား​စ​ကား​ကို ကာ​ဆီး​ပိတ်​ဆို့​သ​ဖြင့် အ​သီး​မ​သီး​သော​သူ​တို့​ကို​ဆို​လို​၏။

20. ကောင်း​သော​မြေ​ပေါ်​၌ ကြဲ​ခြင်း​ခံ​ရ​သည်​ဆို​သည်​မှာ တ​ရား​စ​ကား​ကို​ကြား​၍ လက်​ခံ​သ​ဖြင့် အ​ဆ​သုံး​ဆယ်၊ အ​ဆ​ခြောက်​ဆယ်၊ အ​ဆ​တစ်​ရာ အ​သီး​သီး​သော​သူ​တို့​ကို​ဆို​လို​၏”​ဟု မိန့်​တော်​မူ​၏။

21. တစ်​ဖန် ကိုယ်​တော်​က “ဆီ​မီး​ကို တောင်း​အောက် သို့​မ​ဟုတ် ခု​တင်​အောက်​၌​ထား​ရန် ယူ​လာ​လေ့​ရှိ​သ​လော။ ဆီ​မီး​ခုံ​ပေါ်​၌​ထား​ရန် ယူ​လာ​သည်​မ​ဟုတ်​လော။

22. အ​ကြောင်း​မူ​ကား ကွယ်​ဝှက်​ထား​သော​အ​ရာ​များ​တွင် မ​ထင်​ရှား​လာ​မည့်​အ​ရာ​ဟူ​၍​မ​ရှိ။ ဖုံး​ကွယ်​ထား​သော​အ​ရာ​များ​တွင်​လည်း မ​ထင်​ရှား​လာ​မည့်​အ​ရာ​ဟူ​၍​မ​ရှိ။

23. ကြား​စ​ရာ​နား​ရှိ​သော​သူ​သည် ကြား​ပါ​စေ”​ဟု မိန့်​တော်​မူ​၏။

24. ထို့​နောက် ကိုယ်​တော်​က “သင်​တို့​ကြား​ရ​သည့်​အ​ရာ​ကို သ​တိ​ပြု​ကြ​လော့။ သင်​တို့​တိုင်း​တာ​ခြင်​တွယ်​သည့်​စံ​နှုန်း​အ​တိုင်း သင်​တို့​အ​တွက် တိုင်း​တာ​ခြင်​တွယ်​ပေး​ကြ​လိမ့်​မည်။ ထို့​ပြင် သင်​တို့​အ​တွက် ထပ်​၍​ဖြည့်​ပေး​ကြ​လိမ့်​မည်။

25. အ​ကြောင်း​မှာ ရှိ​သော​သူ​အား ထပ်​၍​ပေး​ဦး​မည်။ မ​ရှိ​သော​သူ​မူ​ကား သူ​၌​ရှိ​သော​အ​ရာ​ပင် သူ့​ထံ​မှ​သိမ်း​ယူ​ခြင်း​ခံ​ရ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

26. တစ်​ဖန် ကိုယ်​တော်​က “ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် မြေ​ပေါ်​၌ လူ​တစ်​ဦး​မျိုး​စေ့​ကြဲ​သည်​နှင့်​တူ​၏။