Myanmar Standard Bible

ရှင်​မာ​ကု​ခ​ရစ်​ဝင် 2:17-28 Myanmar Standard Bible (MSB)

17. ယေ​ရှု​သည် ထို​စ​ကား​ကို​ကြား​လျှင် “ကျန်း​မာ​သော​သူ​တို့​သည် ဆေး​ဆ​ရာ​ကို​မ​လို​အပ်​ကြ​ပေ။ နာ​မ​ကျန်း​ဖြစ်​သော​သူ​တို့​သာ​လျှင် လို​အပ်​ကြ​၏။ ဖြောင့်​မတ်​သော​သူ​တို့​ကို​ခေါ်​ရန် ငါ​လာ​သည်​မ​ဟုတ်။ အ​ပြစ်​သား​တို့​ကို​ခေါ်​ရန် ငါ​လာ​၏”​ဟု သူ​တို့​အား မိန့်​တော်​မူ​၏။

18. ယော​ဟန်​၏​တ​ပည့်​များ​နှင့် ဖာ​ရိ​ရှဲ​တို့​သည် အ​စာ​ရှောင်​လျက်​နေ​ကြ​၏။ လူ​တို့​သည် ကိုယ်​တော်​ထံ​သို့​လာ​၍ “ယော​ဟန်​၏​တ​ပည့်​များ​နှင့် ဖာ​ရိ​ရှဲ​တို့​၏​တ​ပည့်​များ​သည် အ​စာ​ရှောင်​နေ​ကြ​သော်​လည်း ကိုယ်​တော်​၏​တ​ပည့်​များ​သည် အ​ဘယ်​ကြောင့် အ​စာ​မ​ရှောင်​ကြ​သ​နည်း”​ဟု မေး​လျှောက်​ကြ​၏။

19. ယေ​ရှု​က​လည်း “သ​တို့​သား​၏​ဆွေ​မျိုး​မိတ်သင်္ဂ​ဟ​များ​သည် သ​တို့​သား​နှင့်​အ​တူ​ရှိ​နေ​စဉ် အ​စာ​ရှောင်​နိုင်​ကြ​မည်​လော။ သူ​တို့​သည် သ​တို့​သား​နှင့်​အ​တူ​ရှိ​နေ​သ​ရွေ့ အ​စာ​မ​ရှောင်​နိုင်​ကြ​ပေ။

20. သို့​သော် သ​တို့​သား​ကို သူ​တို့​ထံ​မှ​ခေါ်​ဆောင်​သွား​မည့် နေ့​ရက်​များ​ရောက်​လာ​လိမ့်​မည်။ ထို​နေ့​ရက်​ရောက်​လာ​သည့်​အ​ခါ​၌ သူ​တို့​သည် အ​စာ​ရှောင်​ကြ​လိမ့်​မည်။

21. မည်​သူ​မျှ အ​ဝတ်​အ​ဟောင်း​ကို ပိတ်​စ​အ​သစ်​ဖြင့် ဖာ​လေ့​မ​ရှိ။ ထို​သို့​ပြု​လျှင် အ​သစ်​ဖာ​ထား​သော​ပိတ်​စ​သည် အ​ဝတ်​အ​ဟောင်း​ကို​ရုန်း​သ​ဖြင့် စုတ်​ပြဲ​သည့်​နေ​ရာ​သည် ပို​၍​ဆိုး​လာ​လိမ့်​မည်။

22. စ​ပျစ်​ဝိုင်​အ​သစ်​ကို​လည်း မည်​သူ​မျှ သား​ရေ​ဘူး​အ​ဟောင်း​၌​ထည့်​လေ့​မ​ရှိ။ ထို​သို့​ပြု​လျှင် စ​ပျစ်​ဝိုင်​သည် သား​ရေ​ဘူး​ကို​ပေါက်​ပြဲ​စေ​သ​ဖြင့် စ​ပျစ်​ဝိုင်​ရော​သား​ရေ​ဘူး​ပါ ပျက်​စီး​သွား​လိမ့်​မည်။ စ​ပျစ်​ဝိုင်​အ​သစ်​ကို သား​ရေ​ဘူး​အ​သစ်​၌​သာ ထည့်​ကြ​၏”​ဟု မိန့်​တော်​မူ​၏။

23. တစ်​နေ့​သော​ဥ​ပုသ်​နေ့​၌ ကိုယ်​တော်​သည် ဂျုံ​ခင်း​များ​ကို​ဖြတ်​လျက်​ကြွ​တော်​မူ​ရာ တ​ပည့်​တော်​တို့​သည် လမ်း​သွား​ရင်း ဂျုံ​နှံ​များ​ကို​ဆွတ်​ခူး​ကြ​၏။

24. ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​က “သူ​တို့​သည် ဥ​ပုသ်​နေ့​၌​ပြု​ခွင့်​မ​ရှိ​သော​အ​ရာ​ကို အ​ဘယ်​ကြောင့်​ပြု​ကြ​သ​နည်း”​ဟု ကိုယ်​တော်​အား မေး​လျှောက်​ကြ​၏။

25. ကိုယ်​တော်​က​လည်း “ဒါ​ဝိဒ်​သည် သူ​၌​စား​စ​ရာ​မ​ရှိ​သ​ဖြင့် သူ​မှ​စ​၍​သူ​နှင့်​အ​တူ​ရှိ​သော​သူ​တို့​သည် ဆာ​လောင်​ကြ​သော​အ​ခါ မည်​သည့်​အ​ရာ​ပြု​ခဲ့​သည်​ကို မ​ဖတ်​ဖူး​ကြ​သ​လော။

26. သူ​သည် ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ဗျာ​သာ​လက်​ထက်​တွင် ဘု​ရား​သ​ခင်​၏​အိမ်​တော်​သို့​ဝင်​၍ ယဇ်​ပု​ရော​ဟိတ်​များ​မှ​တစ်​ပါး မည်​သူ​မျှ​စား​ခွင့်​မ​ရှိ​သော ရှေ့​တော်​မုန့်​ကို​စား​ပြီး​လျှင် သူ​နှင့်​အ​တူ​ရှိ​သော​သူ​တို့​ကို​လည်း ပေး​ခဲ့​၏”​ဟု မိန့်​တော်​မူ​၏။

27. တစ်​ဖန် သူ​တို့​အား “ဥ​ပုသ်​နေ့​သည် လူ​အ​တွက်​ဖြစ်​လာ​၏။ လူ​သည် ဥ​ပုသ်​နေ့​အ​တွက်​ဖြစ်​လာ​သည်​မ​ဟုတ်။

28. သို့​ဖြစ်​၍ လူ့​သား​သည် ဥ​ပုသ်​နေ့​၏​အ​ရှင်​သ​ခင်​လည်း​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။