13. ကိုယ်တော်သည် နောက်တစ်ဖန် ပင်လယ်ကမ်းနားသို့ကြွတော်မူရာ လူထုပရိသတ်အပေါင်းတို့သည် အထံတော်သို့ရောက်လာကြသဖြင့် သူတို့ကိုသွန်သင်တော်မူ၏။
14. တစ်ဖန် လမ်း၌ကြွတော်မူစဉ် အခွန်ကောက်ခံရာစခန်းတွင်ထိုင်နေသည့် အာလဖဲ၏သား လေဝိကိုမြင်၍ “ငါ့နောက်သို့လိုက်လော့”ဟု မိန့်တော်မူသော် သူသည်ထ၍ နောက်တော်သို့လိုက်လေ၏။
15. ကိုယ်တော်သည် လေဝိ၏အိမ်ထဲ၌ထိုင်၍စားသောက်နေတော်မူစဉ် များစွာသောအခွန်ကောက်ခံသူနှင့် အပြစ်သားတို့သည် တပည့်တော်တို့နှင့်တကွ ယေရှုနှင့်အတူ စားသောက်ပွဲ၌ထိုင်ကြ၏။ အကြောင်းမူကား နောက်တော်သို့လိုက်ကြသည့် ထိုသို့သောသူများစွာရှိကြ၏။
16. ကိုယ်တော်သည် အပြစ်သားများ၊ အခွန်ကောက်ခံသူများနှင့်အတူ စားသောက်လျက်နေသည်ကို ဖာရိရှဲတို့ထဲမှ ကျမ်းပြုဆရာများမြင်လျှင် “သူသည် အဘယ်ကြောင့် အခွန်ကောက်ခံသူများ၊ အပြစ်သားများနှင့်အတူ စားသောက်သနည်း”ဟု တပည့်တော်တို့အား မေးမြန်းကြ၏။
17. ယေရှုသည် ထိုစကားကိုကြားလျှင် “ကျန်းမာသောသူတို့သည် ဆေးဆရာကိုမလိုအပ်ကြပေ။ နာမကျန်းဖြစ်သောသူတို့သာလျှင် လိုအပ်ကြ၏။ ဖြောင့်မတ်သောသူတို့ကိုခေါ်ရန် ငါလာသည်မဟုတ်။ အပြစ်သားတို့ကိုခေါ်ရန် ငါလာ၏”ဟု သူတို့အား မိန့်တော်မူ၏။
18. ယောဟန်၏တပည့်များနှင့် ဖာရိရှဲတို့သည် အစာရှောင်လျက်နေကြ၏။ လူတို့သည် ကိုယ်တော်ထံသို့လာ၍ “ယောဟန်၏တပည့်များနှင့် ဖာရိရှဲတို့၏တပည့်များသည် အစာရှောင်နေကြသော်လည်း ကိုယ်တော်၏တပည့်များသည် အဘယ်ကြောင့် အစာမရှောင်ကြသနည်း”ဟု မေးလျှောက်ကြ၏။
19. ယေရှုကလည်း “သတို့သား၏ဆွေမျိုးမိတ်သင်္ဂဟများသည် သတို့သားနှင့်အတူရှိနေစဉ် အစာရှောင်နိုင်ကြမည်လော။ သူတို့သည် သတို့သားနှင့်အတူရှိနေသရွေ့ အစာမရှောင်နိုင်ကြပေ။
20. သို့သော် သတို့သားကို သူတို့ထံမှခေါ်ဆောင်သွားမည့် နေ့ရက်များရောက်လာလိမ့်မည်။ ထိုနေ့ရက်ရောက်လာသည့်အခါ၌ သူတို့သည် အစာရှောင်ကြလိမ့်မည်။
21. မည်သူမျှ အဝတ်အဟောင်းကို ပိတ်စအသစ်ဖြင့် ဖာလေ့မရှိ။ ထိုသို့ပြုလျှင် အသစ်ဖာထားသောပိတ်စသည် အဝတ်အဟောင်းကိုရုန်းသဖြင့် စုတ်ပြဲသည့်နေရာသည် ပို၍ဆိုးလာလိမ့်မည်။
22. စပျစ်ဝိုင်အသစ်ကိုလည်း မည်သူမျှ သားရေဘူးအဟောင်း၌ထည့်လေ့မရှိ။ ထိုသို့ပြုလျှင် စပျစ်ဝိုင်သည် သားရေဘူးကိုပေါက်ပြဲစေသဖြင့် စပျစ်ဝိုင်ရောသားရေဘူးပါ ပျက်စီးသွားလိမ့်မည်။ စပျစ်ဝိုင်အသစ်ကို သားရေဘူးအသစ်၌သာ ထည့်ကြ၏”ဟု မိန့်တော်မူ၏။
23. တစ်နေ့သောဥပုသ်နေ့၌ ကိုယ်တော်သည် ဂျုံခင်းများကိုဖြတ်လျက်ကြွတော်မူရာ တပည့်တော်တို့သည် လမ်းသွားရင်း ဂျုံနှံများကိုဆွတ်ခူးကြ၏။
24. ထိုအခါ ဖာရိရှဲတို့က “သူတို့သည် ဥပုသ်နေ့၌ပြုခွင့်မရှိသောအရာကို အဘယ်ကြောင့်ပြုကြသနည်း”ဟု ကိုယ်တော်အား မေးလျှောက်ကြ၏။
25. ကိုယ်တော်ကလည်း “ဒါဝိဒ်သည် သူ၌စားစရာမရှိသဖြင့် သူမှစ၍သူနှင့်အတူရှိသောသူတို့သည် ဆာလောင်ကြသောအခါ မည်သည့်အရာပြုခဲ့သည်ကို မဖတ်ဖူးကြသလော။
26. သူသည် ယဇ်ပုရောဟိတ်မင်းအဗျာသာလက်ထက်တွင် ဘုရားသခင်၏အိမ်တော်သို့ဝင်၍ ယဇ်ပုရောဟိတ်များမှတစ်ပါး မည်သူမျှစားခွင့်မရှိသော ရှေ့တော်မုန့်ကိုစားပြီးလျှင် သူနှင့်အတူရှိသောသူတို့ကိုလည်း ပေးခဲ့၏”ဟု မိန့်တော်မူ၏။
27. တစ်ဖန် သူတို့အား “ဥပုသ်နေ့သည် လူအတွက်ဖြစ်လာ၏။ လူသည် ဥပုသ်နေ့အတွက်ဖြစ်လာသည်မဟုတ်။
28. သို့ဖြစ်၍ လူ့သားသည် ဥပုသ်နေ့၏အရှင်သခင်လည်းဖြစ်၏”ဟု မိန့်တော်မူ၏။