1. ရက်အနည်းငယ်ကြာပြီးနောက် ကိုယ်တော်သည် ကပေရနောင်မြို့ထဲသို့ တစ်ဖန်ဝင်တော်မူ၏။ အိမ်၌ ကိုယ်တော်ရှိတော်မူသည်ကိုကြား၍
2. များစွာသောလူတို့သည် စုဝေးလာကြသဖြင့် အိမ်တံခါးရှေ့၌ပင် နေရာမရှိတော့ချေ။ ကိုယ်တော်သည် သူတို့အား နှုတ်ကပတ်တရားကိုဟောပြောလျက်နေတော်မူ၏။
3. ထိုအခါ လူတို့သည် လေဖြတ်သောသူတစ်ဦးကို လူလေးယောက်အားထမ်းစေ၍ အထံတော်သို့သယ်ဆောင်လာကြ၏။
4. လူအစုအဝေးတို့ကြောင့် သူ့ကို ကိုယ်တော်ထံခေါ်ဆောင်သွား၍မရနိုင်သဖြင့် သူတို့သည် ကိုယ်တော်ရှိသည့်နေရာအထက်မှ ခေါင်မိုးကိုခွာ၍ အပေါက်ဖောက်ကာ လေဖြတ်သောသူလဲလျောင်းနေသည့်အိပ်ရာကို လျှောချကြ၏။
5. ယေရှုသည် ထိုသူတို့၏ယုံကြည်ခြင်းကိုမြင်လျှင် လေဖြတ်သောသူအား “ငါ့သား၊ သင်၏အပြစ်များခွင့်လွှတ်ခြင်းခံရပြီ”ဟု မိန့်တော်မူ၏။
6. သို့သော် ထိုနေရာ၌ထိုင်နေကြသော ကျမ်းပြုဆရာအချို့တို့က
7. “ဤသူသည် အဘယ်ကြောင့် ထိုကဲ့သို့ပြောရသနည်း။ သူသည် ဘုရားသခင်ကိုစော်ကားပြောဆို၏။ ဘုရားသခင်မှတစ်ပါး မည်သူသည် အပြစ်များကိုခွင့်လွှတ်နိုင်သနည်း”ဟု မိမိတို့စိတ်ထဲ၌ တွေးတောဆင်ခြင်ကြ၏။
8. သူတို့စိတ်ထဲ၌ ထိုသို့တွေးတောဆင်ခြင်နေကြောင်းကို ယေရှုသည် မိမိစိတ်ဝိညာဉ်ဖြင့် ချက်ချင်းသိတော်မူ၍ “အဘယ်ကြောင့် သင်တို့၏စိတ်နှလုံးထဲ၌ ထိုသို့တွေးတောဆင်ခြင်နေကြသနည်း။
9. လေဖြတ်သောသူအား ‘သင်၏အပြစ်များခွင့်လွှတ်ခြင်းခံရပြီ’ဟု ဆိုရန်နှင့် ‘ထ၍ သင်၏အိပ်ရာကိုဆောင်ယူလျက် လမ်းလျှောက်လော့’ဟု ဆိုရန် မည်သည့်အရာက ပို၍လွယ်ကူသနည်း။
10. သို့သော် လူ့သားသည် မြေကြီးပေါ်၌ အပြစ်များခွင့်လွှတ်ပိုင်ခွင့်ရှိကြောင်း သင်တို့သိစေရန်”ဟု သူတို့အား မိန့်တော်မူပြီးလျှင် လေဖြတ်သောသူအား
11. “သင့်ကို ငါဆိုမည်။ ထလော့။ သင်၏အိပ်ရာကိုဆောင်ယူ၍ အိမ်သို့ပြန်လော့”ဟု မိန့်တော်မူ၏။