6. သို့သော် ထိုသူက “ထိတ်လန့်အံ့ဩခြင်းမရှိကြနှင့်။ သင်တို့သည် လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရသော နာဇရက်မြို့သားယေရှုကိုရှာကြ၏။ ကိုယ်တော်သည်ထမြောက်တော်မူပြီ။ ဤနေရာ၌မရှိ။ အလောင်းတော်သွင်းထားသည့်နေရာကိုကြည့်ကြလော့။
7. သင်တို့မူကား သွား၍ တပည့်တော်များနှင့် ပေတရုအား ‘ကိုယ်တော်သည် သင်တို့ကိုမိန့်မှာခဲ့သည့်အတိုင်း ဂါလိလဲနယ်သို့ သင်တို့ထက်အလျင်ဦးစွာကြွနှင့်တော်မူပြီ။ သင်တို့သည် ထိုအရပ်၌ ကိုယ်တော်ကိုတွေ့မြင်ရကြလိမ့်မည်’ဟူ၍ ပြောကြားကြလော့”ဟု ဆိုလေ၏။
8. ထိုအခါ သူတို့သည်တုန်လှုပ်လျက် မိန်းမောတွေဝေသဖြင့် သင်္ချိုင်းဂူထဲမှထွက်လာပြီးလျှင် ထွက်ပြေးကြ၏။ သူတို့သည်ကြောက်ရွံ့သောကြောင့် မည်သူ့ကိုမျှ မည်သည့်အရာမျှမပြောကြချေ။
9. [ယေရှုသည် ရက်သတ္တပတ်၏ပထမနေ့ နံနက်စောစောအချိန်တွင် ထမြောက်တော်မူပြီးနောက် မာဂဒလမြို့သူမာရိအား ပထမဦးစွာ ကိုယ်ထင်ရှားပြတော်မူ၏။ ထိုမာရိကား နတ်ဆိုးခုနစ်ကောင်ကို သူ့ထံမှ ကိုယ်တော်နှင်ထုတ်ပေးခဲ့သောသူဖြစ်၏။
10. မာရိသည်လည်း ဝမ်းနည်းကြေကွဲလျက်ငိုကြွေးနေကြသော ကိုယ်တော်နှင့်အတူရှိခဲ့သူများထံသို့သွား၍ ထိုအကြောင်းကိုပြောပြလေ၏။
11. သို့သော် ကိုယ်တော်အသက်ရှင်တော်မူကြောင်းနှင့် ကိုယ်တော်ကို မာရိတွေ့မြင်ခဲ့ကြောင်း သူတို့ကြားကြသောအခါ သူတို့သည်မယုံကြချေ။
12. ထို့နောက် သူတို့ထဲမှနှစ်ဦးသည် တောရွာသို့လမ်းလျှောက်၍ ခရီးသွားကြစဉ် ကိုယ်တော်သည် ခြားနားသောအသွင်သဏ္ဌာန်ဖြင့် ကိုယ်ထင်ရှားပြတော်မူ၏။
13. ထိုသူနှစ်ဦးတို့သည် ကျန်သောသူတို့အား သွား၍ပြောပြကြ၏။ သို့သော် ထိုသတင်းကိုလည်း သူတို့မယုံကြချေ။
14. ထို့နောက် ကိုယ်တော်သည် စားပွဲ၌ထိုင်နေသောတပည့်တော်တစ်ဆယ့်တစ်ပါးတို့အား ကိုယ်ထင်ရှားပြတော်မူ၍ ထမြောက်တော်မူသောကိုယ်တော်အား တွေ့မြင်သောသူတို့၏စကားကို သူတို့မယုံကြသောကြောင့် သူတို့၏မယုံကြည်မှုနှင့် စိတ်နှလုံးမာကျောမှုတို့ကို ပြစ်တင်ဆုံးမတော်မူ၏။
15. ထို့နောက် ကိုယ်တော်က “ကမ္ဘာအနှံ့အပြားသို့သွား၍ ဖန်ဆင်းခံလောကတစ်ခုလုံးအား ကောင်းမြတ်သောသတင်းကိုဟောပြောကြလော့။
16. ယုံကြည်၍ ဗတ္တိဇံခံသောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။ မယုံကြည်သောသူမူကား ပြစ်ဒဏ်စီရင်ခြင်းကိုခံရလိမ့်မည်။