2. ထို့နောက် ရက်သတ္တပတ်၏ပထမနေ့၊ နံနက်စောစော နေထွက်ချိန်၌ သူတို့သည် သင်္ချိုင်းတော်သို့ရောက်လာကြ၏။
3. သူတို့က “ငါတို့အတွက် သင်္ချိုင်းဂူဝမှကျောက်တုံးကို မည်သူလှိမ့်ဖယ်ပေးမည်နည်း”ဟု အချင်းချင်းပြောဆိုကြ၏။
4. သို့သော် သူတို့မျှော်ကြည့်ကြသောအခါ ကျောက်တုံးအား လှိမ့်ဖယ်ထားပြီးဖြစ်သည်ကိုတွေ့ကြ၏။ ထိုကျောက်တုံးကား အလွန်ကြီးမားလှ၏။
5. ထို့နောက် သူတို့သည် သင်္ချိုင်းဂူထဲသို့ဝင်ကြရာ ဝတ်လုံဖြူဝတ်ဆင်သောလူငယ်တစ်ဦးသည် လက်ယာဘက်၌ထိုင်နေသည်ကိုတွေ့မြင်သဖြင့် ထိတ်လန့်အံ့ဩကြ၏။
6. သို့သော် ထိုသူက “ထိတ်လန့်အံ့ဩခြင်းမရှိကြနှင့်။ သင်တို့သည် လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရသော နာဇရက်မြို့သားယေရှုကိုရှာကြ၏။ ကိုယ်တော်သည်ထမြောက်တော်မူပြီ။ ဤနေရာ၌မရှိ။ အလောင်းတော်သွင်းထားသည့်နေရာကိုကြည့်ကြလော့။
7. သင်တို့မူကား သွား၍ တပည့်တော်များနှင့် ပေတရုအား ‘ကိုယ်တော်သည် သင်တို့ကိုမိန့်မှာခဲ့သည့်အတိုင်း ဂါလိလဲနယ်သို့ သင်တို့ထက်အလျင်ဦးစွာကြွနှင့်တော်မူပြီ။ သင်တို့သည် ထိုအရပ်၌ ကိုယ်တော်ကိုတွေ့မြင်ရကြလိမ့်မည်’ဟူ၍ ပြောကြားကြလော့”ဟု ဆိုလေ၏။
8. ထိုအခါ သူတို့သည်တုန်လှုပ်လျက် မိန်းမောတွေဝေသဖြင့် သင်္ချိုင်းဂူထဲမှထွက်လာပြီးလျှင် ထွက်ပြေးကြ၏။ သူတို့သည်ကြောက်ရွံ့သောကြောင့် မည်သူ့ကိုမျှ မည်သည့်အရာမျှမပြောကြချေ။
9. [ယေရှုသည် ရက်သတ္တပတ်၏ပထမနေ့ နံနက်စောစောအချိန်တွင် ထမြောက်တော်မူပြီးနောက် မာဂဒလမြို့သူမာရိအား ပထမဦးစွာ ကိုယ်ထင်ရှားပြတော်မူ၏။ ထိုမာရိကား နတ်ဆိုးခုနစ်ကောင်ကို သူ့ထံမှ ကိုယ်တော်နှင်ထုတ်ပေးခဲ့သောသူဖြစ်၏။
10. မာရိသည်လည်း ဝမ်းနည်းကြေကွဲလျက်ငိုကြွေးနေကြသော ကိုယ်တော်နှင့်အတူရှိခဲ့သူများထံသို့သွား၍ ထိုအကြောင်းကိုပြောပြလေ၏။
11. သို့သော် ကိုယ်တော်အသက်ရှင်တော်မူကြောင်းနှင့် ကိုယ်တော်ကို မာရိတွေ့မြင်ခဲ့ကြောင်း သူတို့ကြားကြသောအခါ သူတို့သည်မယုံကြချေ။