15. ပိလတ်မင်းသည် လူထုပရိသတ်ကိုကျေနပ်စေလို၍ သူတို့အတွက် ဗာရဗ္ဗကိုလွှတ်ပေးလေ၏။ ယေရှုကိုမူကား ကျာပွတ်ဖြင့်ရိုက်နှက်စေပြီးနောက် လက်ဝါးကပ်တိုင်ပေါ်၌တင်ရန် အပ်နှံလိုက်လေ၏။
16. ထိုအခါ စစ်သားများသည် ရုံးတော်ဟုခေါ်သော ဘုရင်ခံ၏အိမ်တော်ဝင်းထဲသို့ ကိုယ်တော်ကိုခေါ်ဆောင်သွား၍ တပ်ဖွဲ့တစ်ဖွဲ့လုံးကိုစုရုံးစေကြ၏။
17. ထို့နောက် ကိုယ်တော်အား ခရမ်းရောင်ဝတ်လုံကိုဝတ်စေလျက် ဆူးပင်ကို သရဖူအဖြစ်ရစ်ခွေ၍ဆောင်းစေပြီးလျှင်
18. “ဂျူးလူမျိုးတို့၏ဘုရင်၊ မင်္ဂလာရှိပါစေသော”ဟု ကိုယ်တော်အားနှုတ်ဆက်ကြ၏။
19. ထို့ပြင် ကိုယ်တော်၏ဦးခေါင်းကို ကျူရိုးဖြင့်ရိုက်ကာ ကိုယ်တော်ကိုတံတွေးနှင့်ထွေး၍ ဒူးထောက်လျက် ကိုယ်တော်ကိုရှိခိုးကြ၏။
20. ထိုသို့ ကိုယ်တော်ကိုပြောင်လှောင်ကြပြီးနောက် ခရမ်းရောင်ဝတ်လုံကိုချွတ်၍ ကိုယ်တော်၏အဝတ်ကိုပြန်ဝတ်စေပြီးလျှင် လက်ဝါးကပ်တိုင်ပေါ်၌တင်ရန် ခေါ်ထုတ်သွားကြ၏။
21. ထိုစဉ် အလက်ဇန္ဒြားနှင့်ရုဖုတို့၏ဖခင်ဖြစ်သည့် ကုရေနေမြို့သားရှိမုန်သည် တောရွာမှလာ၍ လမ်း၌ဖြတ်သွားသည်ကို သူတို့တွေ့သဖြင့် ကိုယ်တော်၏လက်ဝါးကပ်တိုင်ကို သူ့အား အတင်းအကျပ်ထမ်းစေကြ၏။
22. ဤသို့ဖြင့် သူတို့သည် ကိုယ်တော်ကို ဦးခေါင်းခွံအရပ်ဟုအဓိပ္ပာယ်ရှိသော ဂေါလဂေါသအရပ်သို့ခေါ်ဆောင်သွားပြီးလျှင်
23. ကိုယ်တော်အား မုရန်ရောစပ်ထားသောစပျစ်ဝိုင်ကို တိုက်ကြ၏။ သို့သော် ကိုယ်တော်သည် သောက်တော်မမူ။
24. ထိုအခါ သူတို့သည် ကိုယ်တော်ကို လက်ဝါးကပ်တိုင်ပေါ်၌တင်ကြပြီး ကိုယ်တော်၏အဝတ်တော်များအား မည်သူက မည်သည့်အဝတ်ယူရမည်ကို မဲချ၍ ခွဲဝေကြ၏။
25. ကိုယ်တော်ကို လက်ဝါးကပ်တိုင်ပေါ်၌တင်ကြသည့်အချိန်မှာ နံနက်ကိုးနာရီဖြစ်၏။
26. ကိုယ်တော်အပေါ်တင်သောစွဲချက်ကိုရေးထားသည့်ကမ္ပည်းစာမှာ “ဂျူးလူမျိုးတို့၏ဘုရင်”ဟူ၍ဖြစ်၏။
27. ဓားပြနှစ်ယောက်တို့ကိုလည်း ကိုယ်တော်နှင့်အတူ လက်ယာတော်ဘက်တွင်တစ်ယောက်၊ လက်ဝဲတော်ဘက်တွင်တစ်ယောက် လက်ဝါးကပ်တိုင်ပေါ်၌တင်ကြ၏။
28. [ဤသို့ဖြင့် “သူသည် တရားမဲ့သောသူတို့၏စာရင်းတွင်ထည့်သွင်းခြင်းခံရ၏”ဟူသောကျမ်းချက်သည် ပြည့်စုံခြင်းသို့ရောက်လေ၏။ ]
29. ဖြတ်သန်းသွားလာသောသူတို့သည် မိမိတို့ခေါင်းကိုခါယမ်းလျက် “ဟေ့၊ ဗိမာန်တော်ကိုဖြိုဖျက်၍ သုံးရက်အတွင်းတည်ဆောက်မည့်သူ၊