Myanmar Standard Bible

ရှင်​မာ​ကု​ခ​ရစ်​ဝင် 15:10-27 Myanmar Standard Bible (MSB)

10. ထို​သို့​မေး​ခြင်း​မှာ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​တို့​သည် မ​လို​မုန်း​ထား​စိတ်​ဖြင့် ယေ​ရှု​ကို​အပ်​နှံ​ခဲ့​ကြောင်း ပိ​လတ်​မင်း​သိ​သော​ကြောင့်​ဖြစ်​၏။

11. သို့​သော် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​တို့​သည် ဗာ​ရဗ္ဗ​ကို​သာ လွှတ်​ပေး​မည့်​အ​ကြောင်း တောင်း​ဆို​ကြ​ရန် လူ​ထု​ပ​ရိ​သတ်​ကို​လှုံ့​ဆော်​ကြ​၏။

12. ထို​အ​ခါ ပိ​လတ်​မင်း​က “သို့​ဖြစ်​လျှင် ဂျူး​လူ​မျိုး​တို့​၏​ဘု​ရင်​ဟု သင်​တို့​ခေါ်​သော​သူ​ကို မည်​သို့​ပြု​ရ​မည်​နည်း”​ဟု တစ်​ဖန် မေး​လေ​သော်

13. သူ​တို့​က “သူ့​ကို​လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​လိုက်​ပါ”​ဟု ပြန်​၍​အော်​ဟစ်​ကြ​၏။

14. ပိ​လတ်​မင်း​က​လည်း “အ​ဘယ်​ကြောင့်​နည်း။ သူ​သည် မည်​သည့်​အ​ပြစ်​ကို​ကျူး​လွန်​ခဲ့​သ​နည်း”​ဟု ပြန်​မေး​သော်​လည်း သူ​တို့​က “သူ့​ကို​လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​လိုက်​ပါ”​ဟု ပို​၍​အော်​ဟစ်​ကြ​၏။

15. ပိ​လတ်​မင်း​သည် လူ​ထု​ပ​ရိ​သတ်​ကို​ကျေ​နပ်​စေ​လို​၍ သူ​တို့​အ​တွက် ဗာ​ရဗ္ဗ​ကို​လွှတ်​ပေး​လေ​၏။ ယေ​ရှု​ကို​မူ​ကား ကျာ​ပွတ်​ဖြင့်​ရိုက်​နှက်​စေ​ပြီး​နောက် လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ရန် အပ်​နှံ​လိုက်​လေ​၏။

16. ထို​အ​ခါ စစ်​သား​များ​သည် ရုံး​တော်​ဟု​ခေါ်​သော ဘု​ရင်​ခံ​၏​အိမ်​တော်​ဝင်း​ထဲ​သို့ ကိုယ်​တော်​ကို​ခေါ်​ဆောင်​သွား​၍ တပ်​ဖွဲ့​တစ်​ဖွဲ့​လုံး​ကို​စု​ရုံး​စေ​ကြ​၏။

17. ထို့​နောက် ကိုယ်​တော်​အား ခ​ရမ်း​ရောင်​ဝတ်​လုံ​ကို​ဝတ်​စေ​လျက် ဆူး​ပင်​ကို သ​ရ​ဖူ​အ​ဖြစ်​ရစ်​ခွေ​၍​ဆောင်း​စေ​ပြီး​လျှင်

18. “ဂျူး​လူ​မျိုး​တို့​၏​ဘု​ရင်၊ မင်္ဂ​လာ​ရှိ​ပါ​စေ​သော”​ဟု ကိုယ်​တော်​အား​နှုတ်​ဆက်​ကြ​၏။

19. ထို့​ပြင် ကိုယ်​တော်​၏​ဦး​ခေါင်း​ကို ကျူ​ရိုး​ဖြင့်​ရိုက်​ကာ ကိုယ်​တော်​ကို​တံ​တွေး​နှင့်​ထွေး​၍ ဒူး​ထောက်​လျက် ကိုယ်​တော်​ကို​ရှိ​ခိုး​ကြ​၏။

20. ထို​သို့ ကိုယ်​တော်​ကို​ပြောင်​လှောင်​ကြ​ပြီး​နောက် ခ​ရမ်း​ရောင်​ဝတ်​လုံ​ကို​ချွတ်​၍ ကိုယ်​တော်​၏​အ​ဝတ်​ကို​ပြန်​ဝတ်​စေ​ပြီး​လျှင် လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ရန် ခေါ်​ထုတ်​သွား​ကြ​၏။

21. ထို​စဉ် အ​လက်​ဇန္ဒြား​နှင့်​ရု​ဖု​တို့​၏​ဖ​ခင်​ဖြစ်​သည့် ကု​ရေ​နေ​မြို့​သား​ရှိ​မုန်​သည် တော​ရွာ​မှ​လာ​၍ လမ်း​၌​ဖြတ်​သွား​သည်​ကို သူ​တို့​တွေ့​သ​ဖြင့် ကိုယ်​တော်​၏​လက်​ဝါး​ကပ်​တိုင်​ကို သူ့​အား အ​တင်း​အ​ကျပ်​ထမ်း​စေ​ကြ​၏။

22. ဤ​သို့​ဖြင့် သူ​တို့​သည် ကိုယ်​တော်​ကို ဦး​ခေါင်း​ခွံ​အ​ရပ်​ဟု​အ​ဓိပ္ပာယ်​ရှိ​သော ဂေါ​လ​ဂေါ​သ​အ​ရပ်​သို့​ခေါ်​ဆောင်​သွား​ပြီး​လျှင်

23. ကိုယ်​တော်​အား မု​ရန်​ရော​စပ်​ထား​သော​စ​ပျစ်​ဝိုင်​ကို တိုက်​ကြ​၏။ သို့​သော် ကိုယ်​တော်​သည် သောက်​တော်​မ​မူ။

24. ထို​အ​ခါ သူ​တို့​သည် ကိုယ်​တော်​ကို လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ကြ​ပြီး ကိုယ်​တော်​၏​အ​ဝတ်​တော်​များ​အား မည်​သူ​က မည်​သည့်​အ​ဝတ်​ယူ​ရ​မည်​ကို မဲ​ချ​၍ ခွဲ​ဝေ​ကြ​၏။

25. ကိုယ်​တော်​ကို လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ကြ​သည့်​အ​ချိန်​မှာ နံ​နက်​ကိုး​နာ​ရီ​ဖြစ်​၏။

26. ကိုယ်​တော်​အ​ပေါ်​တင်​သော​စွဲ​ချက်​ကို​ရေး​ထား​သည့်​ကမ္ပည်း​စာ​မှာ “ဂျူး​လူ​မျိုး​တို့​၏​ဘု​ရင်”​ဟူ​၍​ဖြစ်​၏။

27. ဓား​ပြ​နှစ်​ယောက်​တို့​ကို​လည်း ကိုယ်​တော်​နှင့်​အ​တူ လက်​ယာ​တော်​ဘက်​တွင်​တစ်​ယောက်၊ လက်​ဝဲ​တော်​ဘက်​တွင်​တစ်​ယောက် လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ကြ​၏။