48. ယေရှုက ထိုသူတို့အား “သင်တို့သည် ဓားပြကိုဖမ်းသကဲ့သို့ တုတ်၊ ဓားများကိုင်ဆောင်လျက် ငါ့ကိုဖမ်းဆီးရန်လာကြသလော။
49. ငါသည် နေ့တိုင်း သင်တို့နှင့်အတူရှိလျက် ဗိမာန်တော်၌သွန်သင်နေခဲ့သော်လည်း သင်တို့သည် ငါ့ကိုမဖမ်းဆီးကြ။ သို့သော် ဤသို့ဖြစ်ခြင်းမှာ ကျမ်းစာပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း”ဟု မိန့်တော်မူ၏။
50. ထိုအခါ တပည့်တော်အားလုံးသည် ကိုယ်တော်ကိုထားခဲ့၍ ထွက်ပြေးကြ၏။
51. လူငယ်တစ်ဦးသည် မိမိကိုယ်ပေါ်တွင် ပိတ်ချောထည်ကိုသာခြုံလျက် ကိုယ်တော်၏နောက်သို့လိုက်သွားရာ လူတို့သည် သူ့ကိုဖမ်းဆီးကြ၏။
52. သို့သော် သူသည် ပိတ်ချောထည်ကိုထားခဲ့၍ အဝတ်မပါဘဲထွက်ပြေးသွားလေ၏။
53. ထို့နောက် သူတို့သည် ယေရှုကို ယဇ်ပုရောဟိတ်မင်းထံသို့ ခေါ်ဆောင်သွားကြရာ ယဇ်ပုရောဟိတ်အကြီးအကဲများ၊ သက်ကြီးဝါကြီးများနှင့်ကျမ်းပြုဆရာများရှိသမျှသည် စုဝေးလာကြ၏။
54. ပေတရုသည်လည်း ယဇ်ပုရောဟိတ်မင်း၏ခြံဝင်းအတွင်းထဲအထိ ကိုယ်တော့်နောက်သို့ မလှမ်းမကမ်းမှလိုက်သွားကာ အစောင့်တပ်သားများနှင့်အတူထိုင်လျက် မီးလှုံနေ၏။
55. ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် တရားလွှတ်တော်တစ်ရပ်လုံးသည် ယေရှုကိုသေဒဏ်ချမှတ်နိုင်ရန် ကိုယ်တော်၏ပြစ်မှုကိုထင်ရှားစေမည့် သက်သေကိုရှာကြသော်လည်း မတွေ့ကြ။
56. အကြောင်းမူကား လူများစွာတို့သည် ကိုယ်တော်၏တစ်ဖက်၌ မမှန်သောသက်သေထွက်ဆိုကြသော်လည်း သူတို့၏သက်သေခံချက်များသည် ကိုက်ညီမှုမရှိကြပေ။
57. ထိုအခါ လူအချို့တို့သည်ထ၍ ကိုယ်တော်၏တစ်ဖက်၌ မမှန်သောသက်သေထွက်ဆိုလျက်
58. “ဤသူက ‘ငါသည် လူ့လက်ဖြင့်တည်ဆောက်သော ဤဗိမာန်တော်ကိုဖြိုဖျက်၍ လူ့လက်ဖြင့်မတည်ဆောက်သော အခြားဗိမာန်တော်ကို သုံးရက်အတွင်းတည်ဆောက်မည်’ဟု ပြောဆိုသည်ကို အကျွန်ုပ်တို့ကြားရပါသည်”ဟု ဆိုကြ၏။
59. သို့သော် သူတို့၏သက်သေခံချက်သည်လည်း အလားတူပင်ကိုက်ညီမှုမရှိပေ။
60. ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် သူတို့ရှေ့၌ထ၍ “သင်သည် တစ်ခွန်းမျှမဖြေဘဲနေသလော။ ဤသူတို့သည် သင့်တစ်ဖက်၌ သက်သေခံကြသည်မှာ မည်သို့နည်း”ဟု ယေရှုအားမေးလေ၏။
61. သို့သော် ကိုယ်တော်သည် တစ်ခွန်းမျှမဖြေကြားဘဲ တိတ်ဆိတ်စွာနေတော်မူ၏။ တစ်ဖန် ယဇ်ပုရောဟိတ်မင်းက “သင်သည် မင်္ဂလာရှိသောအရှင်၏သားတော်တည်းဟူသော ခရစ်တော်ဖြစ်သလော”ဟု မေးလေ၏။
62. ယေရှုကလည်း “ငါဖြစ်၏။ လူ့သားသည် တန်ခိုးတော်၏လက်ယာဘက်၌ထိုင်လျက် ကောင်းကင်မိုးတိမ်များဖြင့်ကြွလာသည်ကို သင်တို့မြင်ရကြလိမ့်မည်”ဟု မိန့်တော်မူ၏။
63. ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိ၏အဝတ်ကိုဆုတ်ဖြဲလျက် “နောက်ထပ် မည်သည့်သက်သေများလိုသေးသနည်း။
64. ဘုရားသခင်အားစော်ကားပြောဆိုသောစကားကို သင်တို့ကြားရကြပြီ။ သင်တို့မည်သို့ထင်မြင်ကြသနည်း”ဟု ဆိုသော် သူတို့အားလုံးသည် ကိုယ်တော်ကို သေဒဏ်ခံထိုက်သည်ဟု စီရင်ကြ၏။
65. ထို့နောက် အချို့တို့သည် ကိုယ်တော်ကိုတံတွေးနှင့်ထွေးလျက် မျက်နှာတော်ကိုဖုံးအုပ်ပြီးလျှင် ကိုယ်တော်ကိုထိုးနှက်ကာ “ဟောကြည့်ပါ”ဟု ဆိုကြ၏။ အစောင့်တပ်သားများသည်လည်း ကိုယ်တော်ကိုခေါ်သွား၍ ရိုက်ပုတ်ကြ၏။