Myanmar Standard Bible

ရှင်​မာ​ကု​ခ​ရစ်​ဝင် 14:31-44 Myanmar Standard Bible (MSB)

31. သို့​သော် ပေ​တ​ရု​က “အ​ကျွန်ုပ်​သည် ကိုယ်​တော်​အ​တွက်​သေ​ရ​လျှင်​ပင် ကိုယ်​တော်​ကို​လုံး​ဝ​မ​ငြင်း​ပယ်​ပါ”​ဟု အ​ခိုင်​အ​မာ​လျှောက်​လေ​၏။ တ​ပည့်​တော်​အား​လုံး​တို့​သည်​လည်း ထို​နည်း​တူ​လျှောက်​ကြ​၏။

32. ထို့​နောက် သူ​တို့​သည် ဂေ​သ​ရှေ​မန်​အ​မည်​ရှိ​သော​အ​ရပ်​သို့ ရောက်​ကြ​၏။ ကိုယ်​တော်​က “ငါ​ဆု​တောင်း​စဉ်​တွင် ဤ​နေ​ရာ​၌ ထိုင်​နေ​ကြ​လော့”​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​ပြီး​လျှင်

33. ပေ​တ​ရု၊ ယာ​ကုပ်​နှင့် ယော​ဟန်​တို့​ကို မိ​မိ​နှင့်​အ​တူ​ခေါ်​သွား​တော်​မူ​၏။ ထို​အ​ခါ ကိုယ်​တော်​သည် ဝမ်း​နည်း​ပူ​ဆွေး​ခြင်း​နှင့် စိတ်​ပူ​ပန်​ခြင်း​ရှိ​သ​ဖြင့်

34. “ငါ​၏​စိတ်​ဝိ​ညာဉ်​သည် သေ​လု​မ​တတ် အ​လွန်​ဝမ်း​နည်း​ခြင်း​ရှိ​၏။ ဤ​နေ​ရာ​၌​နေ​၍ သ​တိ​နှင့်​စောင့်​နေ​ကြ​လော့”​ဟု သူ​တို့​အား မိန့်​တော်​မူ​၏။

35. ထို့​နောက် ရှေ့​သို့​အ​နည်း​ငယ်​ကြွ​တော်​မူ​ပြီး မြေ​ပေါ်​၌​ပျပ်​ဝပ်​လျက် ဖြစ်​နိုင်​လျှင် ဤ​အ​ချိန်​နာ​ရီ​ကို မိ​မိ​ထံ​မှ​လွန်​သွား​စေ​မည့်​အ​ကြောင်း ဆု​တောင်း​ကာ

36. “အို အ​ဖ​ခ​မည်း​တော်၊ ကိုယ်​တော်​အ​တွက် အ​ရာ​ခပ်​သိမ်း​သည် ဖြစ်​နိုင်​ပါ​၏။ ဤ​ခွက်​ကို အ​ကျွန်ုပ်​ထံ​မှ ဖယ်​ရှား​ပေး​တော်​မူ​ပါ။ သို့​သော် အ​ကျွန်ုပ်​၏​အ​လို​အ​တိုင်း​မ​ဟုတ်​ဘဲ ကိုယ်​တော်​၏​အ​လို​တော်​အ​တိုင်း​ဖြစ်​စေ​တော်​မူ​ပါ”​ဟု တောင်း​လျှောက်​တော်​မူ​၏။

37. ထို့​နောက် ပြန်​လာ​၍ သူ​တို့​အိပ်​ပျော်​နေ​ကြ​သည်​ကို​တွေ့​တော်​မူ​လျှင် ပေ​တ​ရု​အား “ရှိ​မုန်၊ သင်​သည် အိပ်​ပျော်​နေ​သ​လော။ တစ်​နာ​ရီ​မျှ သ​တိ​နှင့်​မ​စောင့်​နိုင်​သ​လော။

38. ဖြား​ယောင်း​သွေး​ဆောင်​ရာ​ထဲ​သို့ မ​ကျ​ရောက်​စေ​ရန် သ​တိ​နှင့်​စောင့်​နေ​လျက် ဆု​တောင်း​ကြ​လော့။ စိတ်​ဝိ​ညာဉ်​သည် ထက်​သန်​သော်​လည်း ကိုယ်​ကာ​ယ​မူ​ကား အား​နည်း​၏”​ဟု မိန့်​တော်​မူ​၏။

39. တစ်​ဖန် ထွက်​သွား​၍ အ​ထက်​က​တောင်း​လျှောက်​ခဲ့​သည့်​အ​တိုင်း ဆု​တောင်း​ပြီး​မှ

40. နောက်​တစ်​ဖန် ပြန်​လာ​၍ တ​ပည့်​တော်​တို့​သည် မျက်​စိ​လေး​လံ​သ​ဖြင့် အိပ်​ပျော်​နေ​ကြ​သည်​ကို​တွေ့​တော်​မူ​၏။ သူ​တို့​သည်​လည်း ကိုယ်​တော်​အား မည်​သို့​လျှောက်​ရ​မည်​ကို​မ​သိ​ကြ။

41. ထို့​နောက် ကိုယ်​တော်​သည် တ​တိ​ယ​အ​ကြိမ်​ပြန်​လာ​၍ “ယ​ခု​တိုင်​အောင်​အိပ်​ပျော်​လျက် အ​နား​ယူ​နေ​ကြ​သ​လော။ တော်​လောက်​ပေ​၏။ အ​ချိန်​ရောက်​လာ​ပြီ။ ကြည့်​ရှု​လော့။ လူ့​သား​သည် အ​ပြစ်​သား​တို့​၏​လက်​သို့ အပ်​နှံ​ခြင်း​ခံ​ရ​တော့​မည်။

42. ထ​ကြ။ သွား​ကြ​စို့။ ငါ့​ကို​အပ်​နှံ​မည့်​သူ​ရောက်​လာ​ပြီ”​ဟု မိန့်​တော်​မူ​၏။

43. ထို​သို့ ကိုယ်​တော်​မိန့်​တော်​မူ​စဉ်​၌​ပင် တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​ထဲ​မှ တစ်​ပါး​ဖြစ်​သော​ယု​ဒ​သည် ရောက်​လာ​၏။ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ၊ ကျမ်း​ပြု​ဆ​ရာ​များ​နှင့် သက်​ကြီး​ဝါ​ကြီး​တို့​က​စေ​လွှတ်​လိုက်​သော လူ​အ​စု​အ​ဝေး​တို့​သည်​လည်း တုတ်၊ ဓား များ​ကိုင်​ဆောင်​လျက် သူ​နှင့်​အ​တူ​ပါ​လာ​၏။

44. ကိုယ်​တော်​ကို​အပ်​နှံ​သော​သူ​က “ငါ​နမ်း​သော​သူ​သည် ယေ​ရှု​ဖြစ်​၏။ သူ့​ကို​ဖမ်း​ဆီး​၍ လုံ​ခြုံ​စွာ​ခေါ်​ဆောင်​သွား​ကြ​လော့”​ဟု ဆို​လျက် အ​ချက်​ပြ​အ​မှတ်​အ​သား​ကို သူ​တို့​အား​ပေး​ထား​၏။