13. ထိုအခါ ကိုယ်တော်တို့ထိပေးတော်မူရန် လူတို့သည် ကလေးသူငယ်များကို အထံတော်သို့ခေါ်ဆောင်လာကြ၏။ သို့သော် တပည့်တော်တို့သည် သူတို့ကိုဆူငေါက်ကြ၏။
14. ယေရှုသည် ထိုအခြင်းအရာကိုမြင်လျှင် အမျက်တော်ထွက်၍ “ကလေးသူငယ်တို့ငါ့ထံသို့လာကြပါလေစေ။ သူတို့ကိုမတားဆီးကြနှင့်။ အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံဖြစ်၏။
15. သင်တို့အား ငါအမှန်ဆိုမည်။ ဘုရားသခင်၏နိုင်ငံတော်ကို သူငယ်တစ်ဦးကဲ့သို့လက်မခံသောသူသည် ထိုနိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရလိမ့်မည်မဟုတ်”ဟု မိန့်တော်မူ၏။
16. ထို့နောက် ကိုယ်တော်သည် ကလေးသူငယ်တို့ကိုပွေ့ချီ၍ သူတို့အပေါ်၌ လက်တော်တင်လျက် ကောင်းချီးပေးတော်မူ၏။
17. ကိုယ်တော်သည် လမ်း၌ကြွတော်မူစဉ် လူတစ်ဦးသည် ပြေးလာ၍ ရှေ့တော်၌ဒူးထောက်ကာ “ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကိုအမွေဆက်ခံရန် အကျွန်ုပ်သည် မည်သည့်အရာကိုပြုရပါမည်နည်း”ဟု မေးလျှောက်လေ၏။
18. ယေရှုကလည်း “ငါ့ကိုကောင်းမြတ်သောသူဟု အဘယ်ကြောင့်ခေါ်သနည်း။ ဘုရားသခင်တစ်ပါးတည်းမှလွဲ၍ ကောင်းမြတ်သောသူတစ်စုံတစ်ဦးမျှမရှိ။
19. ‘လူမသတ်ရ၊ အိမ်ထောင်ရေးဖောက်ပြန်မှုကိုမကျူးလွန်ရ၊ မခိုးယူရ၊ မမှန်သောသက်သေထွက်ဆိုခြင်းမပြုရ၊ လိမ်ညာလုယူခြင်းမပြုရ၊ သင်၏မိခင်နှင့်ဖခင်တို့ကိုရိုသေလော့’ဟူသောပညတ်တော်တို့ကို သင်သိ၏”ဟု မိန့်တော်မူ၏။
20. ထိုသူကလည်း “ဆရာ၊ အကျွန်ုပ်သည် ဤအရာအားလုံးကို ငယ်စဉ်ကတည်းက စောင့်ထိန်းပါပြီ”ဟု လျှောက်လေ၏။
21. ယေရှုသည် ထိုသူကိုစူးစိုက်ကြည့်လျက် သူ့အပေါ်မေတ္တာထား၍ “သင်၌တစ်ခုလိုသေး၏။ သင်၌ရှိသမျှသောအရာတို့ကို သွား၍ရောင်းပြီးလျှင် ဆင်းရဲသားတို့အားပေးကမ်းလော့။ ထိုသို့ပြုလျှင် သင်သည်ကောင်းကင်ဘုံ၌ ဥစ္စာဘဏ္ဍာကိုရလိမ့်မည်။ ထို့နောက် လာ၍ ငါ့နောက်သို့လိုက်လော့”ဟု မိန့်တော်မူ၏။
22. ထိုသူသည် ဥစ္စာပစ္စည်းကြွယ်ဝသူဖြစ်သောကြောင့် ထိုစကားကိုကြားလျှင် မျက်နှာညှိုးငယ်၍ ဝမ်းနည်းလျက်ထွက်သွားလေ၏။
23. ထိုအခါ ယေရှုသည် ပတ်ပတ်လည်သို့ကြည့်ရှုလျက် “ငွေကြေးချမ်းသာသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရန် ခဲယဉ်းလှသည်တကား”ဟု တပည့်တော်တို့အား မိန့်တော်မူ၏။
24. တပည့်တော်တို့သည် ကိုယ်တော်၏စကားကိုအံ့အားသင့်ကြ၏။ သို့သော် ယေရှုက “ချစ်သားတို့၊ ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရန် ခဲယဉ်းလှသည်တကား။
25. ချမ်းသာသောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရန်ထက် ကုလားအုပ်သည် အပ်နဖားပေါက်မှလျှိုဝင်ရန် ပို၍လွယ်ကူ၏”ဟု ထပ်မံ၍မိန့်တော်မူ၏။
26. ထိုအခါ တပည့်တော်တို့သည် ပို၍ပင်အံ့အားသင့်လျက် “သို့ဖြစ်လျှင် မည်သူသည် ကယ်တင်ခြင်းခံရနိုင်ပါမည်နည်း”ဟု အချင်းချင်းပြောဆိုကြ၏။
27. ယေရှုသည် သူတို့ကိုစူးစိုက်ကြည့်လျက် “ဤအရာသည် လူတို့အတွက်မဖြစ်နိုင်သော်လည်း ဘုရားသခင်အတွက်မူကား ထိုသို့မဟုတ်။ အကြောင်းမှာ ဘုရားသခင်အတွက် အရာခပ်သိမ်းသည်ဖြစ်နိုင်၏”ဟု မိန့်တော်မူ၏။
28. ထိုအခါ ပေတရုက “အကျွန်ုပ်တို့သည် ရှိသမျှကိုစွန့်၍ ကိုယ်တော်၏နောက်သို့လိုက်ခဲ့ကြပါပြီ”ဟု လျှောက်လေ၏။
29. ယေရှုက “သင်တို့အား ငါအမှန်ဆိုမည်။ မည်သူမဆို ငါ့အတွက်နှင့် ကောင်းမြတ်သောသတင်းအတွက် အိမ်ကိုဖြစ်စေ၊ ညီအစ်ကိုမောင်နှမများကိုဖြစ်စေ၊ အမိကိုဖြစ်စေ၊ အဖကိုဖြစ်စေ၊ သားသမီးများကိုဖြစ်စေ၊ မြေယာများကိုဖြစ်စေ စွန့်လျှင်
30. ထိုသူသည် ယခုဘဝ၌ အဆတစ်ရာသောအကျိုးတည်းဟူသော အိမ်များ၊ မြေယာများ၊ ညီအစ်ကိုမောင်နှမများ၊ အမိများ၊ သားသမီးများကို ညှဉ်းဆဲခြင်းများနှင့်တကွခံစားရလျက် နောင်ဘဝ၌ ထာဝရအသက်ကိုရရှိလိမ့်မည်။
31. သို့သော် အဦးဆုံးသောသူများစွာတို့သည် နောက်ဆုံးဖြစ်ကြပြီး နောက်ဆုံးသောသူများစွာတို့သည် အဦးဆုံးဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။