15. “အချိန်ပြည့်စုံပြီ။ ဘုရားသခင်၏နိုင်ငံတော်လည်း ပေါ်ထွန်းလုနီးပြီ။ နောင်တရ၍ ကောင်းမြတ်သောသတင်းကို ယုံကြည်ကြလော့”ဟု မိန့်တော်မူ၏။
16. ဂါလိလဲပင်လယ်ကမ်းနားတွင် ကြွတော်မူစဉ် တံငါသည်များဖြစ်ကြသော ရှိမုန်နှင့်သူ၏ညီအန္ဒြေတို့သည် ပင်လယ်ထဲတွင် ပိုက်ကွန်ချနေကြသည်ကို မြင်တော်မူ၏။
17. ယေရှုက “ငါ့နောက်သို့လိုက်ကြလော့။ သင်တို့အား လူကိုဖမ်းသောတံငါသည်ဖြစ်စေမည်”ဟု သူတို့အား မိန့်တော်မူလျှင်
18. သူတို့သည် ချက်ချင်းပင် ပိုက်ကွန်များကိုထားခဲ့၍ နောက်တော်သို့လိုက်ကြ၏။
19. တစ်ဖန် အနည်းငယ်ဆက်၍ကြွတော်မူရာ ဇေဗေဒဲ၏သား ယာကုပ်နှင့်သူ၏ညီယောဟန်တို့ကို မြင်တော်မူ၏။ သူတို့သည် လှေထဲ၌ ပိုက်ကွန်များကိုဖာထေးနေကြ၏။
20. ကိုယ်တော်သည် သူတို့ကိုချက်ချင်းခေါ်တော်မူလျှင် သူတို့သည် မိမိတို့ဖခင်ဇေဗေဒဲကို လူငှားတို့နှင့်အတူ လှေထဲ၌ထားခဲ့၍ နောက်တော်သို့လိုက်ကြ၏။
21. ထို့နောက် သူတို့သည် ကပေရနောင်မြို့သို့ဝင်ကြ၏။ ဥပုသ်နေ့ရောက်သည်နှင့် ကိုယ်တော်သည် ဝတ်ပြုစည်းဝေးကျောင်းသို့ဝင်၍ သွန်သင်တော်မူ၏။
22. ထိုအခါ လူတို့သည် ကိုယ်တော်၏သွန်သင်ချက်ကို အံ့သြချီးမွမ်းကြ၏။ အကြောင်းမူကား ကိုယ်တော်သည် ကျမ်းပြုဆရာများကဲ့သို့မဟုတ်ဘဲ အခွင့်အာဏာရှိသောသူကဲ့သို့ သူတို့ကိုသွန်သင်တော်မူ၏။
23. ထိုအချိန်၌ပင် သူတို့၏ဝတ်ပြုစည်းဝေးကျောင်းတွင် ညစ်ညူးသောနတ်ပူးနေသူတစ်ဦးရှိ၏။
24. ထိုသူက “နာဇရက်မြို့သားယေရှု၊ ကိုယ်တော်နှင့်အကျွန်ုပ်တို့ မည်သို့ဆိုင်သနည်း။ အကျွန်ုပ်တို့ကိုဖျက်ဆီးရန် ကြွလာတော်မူသလော။ ကိုယ်တော်မည်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏။ ကိုယ်တော်သည် ဘုရားသခင်၏သန့်ရှင်းသူဖြစ်ပါ၏”ဟု အော်ဟစ်ပြောဆိုလေ၏။
25. ယေရှုကလည်း ထိုနတ်ကိုဆုံးမလျက် “တိတ်ဆိတ်၍ သူ့ထံမှထွက်သွားလော့”ဟု မိန့်တော်မူ၏။
26. ထိုအခါ ညစ်ညူးသောနတ်သည် ထိုသူကိုတက်စေပြီးလျှင် ကျယ်လောင်သောအသံဖြင့်အော်ဟစ်လျက် သူ့ထံမှထွက်သွားလေ၏။
27. လူအပေါင်းတို့သည် အံ့အားသင့်လျက် “ဤအရာကား မည်သို့နည်း။ အခွင့်အာဏာပါသည့် သွန်သင်ချက်အသစ်ပါတကား။ ညစ်ညူးသောနတ်များကိုပင် အမိန့်ပေးလေရာ ၎င်းတို့သည် ကိုယ်တော်ကိုနာခံကြပါသည်တကား”ဟု အချင်းချင်းဆွေးနွေးပြောဆိုကြ၏။
28. ဤသို့ဖြင့် ကိုယ်တော်၏သတင်းသည် ဂါလိလဲနယ်ဝန်းကျင်တစ်ခုလုံးသို့ ချက်ချင်းပျံ့နှံ့သွားလေ၏။
29. ထို့နောက် သူတို့သည် ဝတ်ပြုစည်းဝေးကျောင်းမှ ချက်ချင်းထွက်ခွာ၍ ယာကုပ်၊ ယောဟန်တို့နှင့်အတူ ရှိမုန်နှင့်အန္ဒြေတို့အိမ်သို့သွားကြ၏။
30. ရှိမုန်၏ယောက္ခမသည် ဖျားနာလျက် လဲလျောင်းနေသဖြင့် လူတို့သည် သူ့အကြောင်းကို ကိုယ်တော်အား မဆိုင်းမတွလျှောက်ထားကြ၏။
31. ကိုယ်တော်သည်ချဉ်းကပ်၍ ထိုအမျိုးသမီး၏လက်ကိုကိုင်လျက် ထူမတော်မူရာ သူသည်အဖျားပျောက်သဖြင့် သူတို့ကိုဧည့်ဝတ်ပြုလေ၏။
32. ညနေချမ်းအချိန်ရောက်ပြီး နေဝင်သောအခါ လူတို့သည် နာမကျန်းဖြစ်သူများနှင့် နတ်ဆိုးပူးသူရှိသမျှတို့ကို အထံတော်သို့ခေါ်ဆောင်လာကြ၏။
33. ထိုအခါ တစ်မြို့လုံးသည် အိမ်တံခါးဝတွင် စုဝေးလာကြ၏။
34. ကိုယ်တော်သည်လည်း ရောဂါအမျိုးမျိုးစွဲကပ်၍ နာမကျန်းဖြစ်သူ များစွာတို့ကိုကျန်းမာစေတော်မူပြီး နတ်ဆိုးများစွာတို့ကို နှင်ထုတ်တော်မူ၏။ နတ်ဆိုးတို့သည် ကိုယ်တော်ကိုသိကြသောကြောင့် ကိုယ်တော်သည် သူတို့အား စကားပြောခွင့်ပေးတော်မမူ။