Judson Bible

၄ ရာ 2:15-25 Judson Bible (BJB)

15. ယေရိခေါမြို့မှာ ကြည့်ရှုသော ပရောဖက်အမျိုးသားတို့သည် ဧလိရှဲကို မြင်လျှင်၊ ဧလိယ၏ ဝိညာဉ်သည် ဧလိရှဲအပေါ်မှာ ကျိန်းဝပ်သည်ဟုဆိုလျက် ခရီးဦးကြိုပြုအံ့သောငှါသွား၍ သူ့ရှေ့၌ မြေပေါ်မှာ ပြပ်ဝပ်ကြ၏။

16. သူတို့ကလည်း၊ ကိုယ်တော်ကျွန်တို့၌ ခွန်အားကြီးသောသူ ငါးကျိပ်ရှိပါ၏။ သူတို့သည်သွား၍ ကိုယ်တော်၏ သခင်ကိုရှာမည်အကြောင်း၊ အခွင့်ပေးတော်မူပါ။ ထာဝရဘုရား၏ဝိညာဉ်တော်သည်သူ့ကို ချီယူ၍ တစုံတခုသော တောင်ပေါ်၌ဖြစ်စေ၊ ချိုင့်ထဲသို့ ဖြစ်စေ ချကောင်းချတော်မူလိမ့်မည်ဟု အခွင့်တောင်း လျှင်၊ မစေလွှတ်ကြနှင့်ဟု ဧလိရှဲသည် မြစ်တားသော်လည်း၊

17. သူတို့သည် ဧလိရှဲ စိတ်အားလျော့သည် တိုင်အောင် အလွန်တောင်းပန်သောအခါ၊ စေလွှတ်ကြဟု ဆို၏။ သူတို့သည် လူငါးကျိပ်ကို စေလွှတ်သဖြင့်၊ သုံးရက်ပတ်လုံးရှာ၍ မတွေ့နိုင်ကြ။

18. ဧလိရှဲသည် ယေရိခေါမြို့မှာ နေသေးသည် ဖြစ်၍၊ လူတို့သည် ပြန်လာသောအခါ၊ မသွားကြနှင့်ဟု ငါမြစ်ထားသည် မဟုတ်လောဟု ဆို၏။

19. ထိုမြို့သားတို့က၊ ကိုယ်တော်မြင်တော်မူသည်အတိုင်း၊ ဤမြို့တည်ရာ အရပ်သည်သာယာပါ၏။ သို့ရာတွင် ရေမကောင်း၊ မြေလည်းကိုယ်ဝန်ပျက်စေတတ် ပါသည်ဟု ဧလိရှဲအား လျှောက်ကြလျှင်၊

20. ဧလိရှဲက၊ ဘူးသစ်တလုံးကို ဆားထည့်၍ ယူခဲ့ ကြလော့ဟုဆိုသည်အတိုင်း ယူခဲ့ကြ၏။

21. ဧလိရှဲသည် စမ်းရေတွင်းသို့သွား၍ ဆားကိုခတ်လျက်၊ ထာဝရဘုရားမိန့်တော်မူသည်ကား ဤရေကို ငါချိုစေ၏။ နောက်တဖန် သေစေမည်အကြောင်း၊ ကိုယ်ဝန်ပျက်စေမည်အကြောင်းကို မပြုရဟု၊

22. ဧလိရှဲဆင့်ဆိုသော အမိန့်တော်အတိုင်း ထိုရေသည် ယနေ့တိုင်အောင် ချိုလေ၏။

23. ထိုမြို့မှ ဗေသလမြို့သို့ပြန်၍ ခရီးသွားစဉ်တွင်၊ လုလင်ပျိုတို့သည် မြို့ထဲကထွက်၍၊ ဟေဦးပြည်း၊ တက်ဦးလော့။ ဟေဦးပြည်း၊ တက်ဦးလော့ဟု ကဲ့ရဲ့ကြ၏။

24. ဧလိရှဲသည် လှည့်ကြည့်ပြီးလျှင်၊ ထာဝရဘုရား၏အခွင့်နှင့် ကျိန်ဆိုသဖြင့်၊ ဝံမနှစ်ကောင်တို့သည် တောထဲကထွက်၍ လုလင်ပျိုလေးကျိပ်နှစ်ယောက်တို့ကို ကိုက်သတ်လေ၏။

25. ထိုမြို့မှ ကရမေလတောင်သို့၎င်း၊ ထိုတောင်မှ ရှမာရိမြို့သို့၎င်း အစဉ်အတိုင်းသွား၏။