Judson Bible

၄ ရာ 2:12-21 Judson Bible (BJB)

12. ဧလိရှဲသည် ကြည့်မြင်လျှင် ငါ့အဘ၊ ငါ့အဘ၊ ဣသရေလရထား၊ ဣသရေလမြင်းပါတကားဟု ဟစ်သော်လည်း၊ နောက်တဖန် ဧလိယကိုမမြင်ရ။ မိမိအဝတ်ကို ကိုင်၍ နှစ်ပိုင်းဆုတ်လေ၏။

13. အောက်သို့ကျသော ဧလိယဝတ်လုံကို ကောက်၍ ပြန်လေ၏။ ယော်ဒန်မြစ်နားမှာရပ်၍၊

14. ရေကိုဝတ်လုံနှင့် ရိုက်လျက်၊ ဧလိယ ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားသည် အဘယ်မှာရှိတော်မူသနည်းဟူ၍ တဖန် ရိုက်သောအခါ၊ ရေသည် တဘက်တချက်ကွဲသဖြင့် ဧလိရှဲသည် ကူးသွား၏။

15. ယေရိခေါမြို့မှာ ကြည့်ရှုသော ပရောဖက်အမျိုးသားတို့သည် ဧလိရှဲကို မြင်လျှင်၊ ဧလိယ၏ ဝိညာဉ်သည် ဧလိရှဲအပေါ်မှာ ကျိန်းဝပ်သည်ဟုဆိုလျက် ခရီးဦးကြိုပြုအံ့သောငှါသွား၍ သူ့ရှေ့၌ မြေပေါ်မှာ ပြပ်ဝပ်ကြ၏။

16. သူတို့ကလည်း၊ ကိုယ်တော်ကျွန်တို့၌ ခွန်အားကြီးသောသူ ငါးကျိပ်ရှိပါ၏။ သူတို့သည်သွား၍ ကိုယ်တော်၏ သခင်ကိုရှာမည်အကြောင်း၊ အခွင့်ပေးတော်မူပါ။ ထာဝရဘုရား၏ဝိညာဉ်တော်သည်သူ့ကို ချီယူ၍ တစုံတခုသော တောင်ပေါ်၌ဖြစ်စေ၊ ချိုင့်ထဲသို့ ဖြစ်စေ ချကောင်းချတော်မူလိမ့်မည်ဟု အခွင့်တောင်း လျှင်၊ မစေလွှတ်ကြနှင့်ဟု ဧလိရှဲသည် မြစ်တားသော်လည်း၊

17. သူတို့သည် ဧလိရှဲ စိတ်အားလျော့သည် တိုင်အောင် အလွန်တောင်းပန်သောအခါ၊ စေလွှတ်ကြဟု ဆို၏။ သူတို့သည် လူငါးကျိပ်ကို စေလွှတ်သဖြင့်၊ သုံးရက်ပတ်လုံးရှာ၍ မတွေ့နိုင်ကြ။

18. ဧလိရှဲသည် ယေရိခေါမြို့မှာ နေသေးသည် ဖြစ်၍၊ လူတို့သည် ပြန်လာသောအခါ၊ မသွားကြနှင့်ဟု ငါမြစ်ထားသည် မဟုတ်လောဟု ဆို၏။

19. ထိုမြို့သားတို့က၊ ကိုယ်တော်မြင်တော်မူသည်အတိုင်း၊ ဤမြို့တည်ရာ အရပ်သည်သာယာပါ၏။ သို့ရာတွင် ရေမကောင်း၊ မြေလည်းကိုယ်ဝန်ပျက်စေတတ် ပါသည်ဟု ဧလိရှဲအား လျှောက်ကြလျှင်၊

20. ဧလိရှဲက၊ ဘူးသစ်တလုံးကို ဆားထည့်၍ ယူခဲ့ ကြလော့ဟုဆိုသည်အတိုင်း ယူခဲ့ကြ၏။

21. ဧလိရှဲသည် စမ်းရေတွင်းသို့သွား၍ ဆားကိုခတ်လျက်၊ ထာဝရဘုရားမိန့်တော်မူသည်ကား ဤရေကို ငါချိုစေ၏။ နောက်တဖန် သေစေမည်အကြောင်း၊ ကိုယ်ဝန်ပျက်စေမည်အကြောင်းကို မပြုရဟု၊