Judson Bible

၄ ရာ 13:1-12 Judson Bible (BJB)

1. ယုဒရှင်ဘုရင်အာခဇိသား ယောရှနန်းစံနှစ် ဆယ်သုံးနှစ်တွင်၊ ယေဟုသားယောခတ်သည် ရှမာရိမြို့၌ မင်းပြု၍ ဣသရေလနိုင်ငံကို ဆယ်ခုနစ်နှစ်စိုးစံ၏။

2. ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက် ကိုပြု၍၊ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ်သား ယေရောဗောင်၏ ဒုစရိုက်အပြစ်တို့ကို မရှောင်၊ လိုက်လေ၏။

3. ထိုကြောင့် ထာဝရဘုရားသည် ဣသရေလအမျိုးကို အမျက်ထွက်၍၊ ယောခတ်မင်း လက်ထက် ကာလပတ်လုံး၊ ရှုရိရှင်ဘုရင် ဟာဇေလနှင့်သူ၏သား ဗင်္ယာဒဒ်လက်သို့ ဣသရေလအမျိုးကို အပ်တော်မူ၏။

4. တဖန်ယောခတ်သည် ထာဝရဘုရားကို တောင်းပန်လေ၏။ ရှုရိရှင်ဘုရင်ညှဉ်းဆဲ၍ ဣသရေလအမျိုးသည် အလွန်ခံရကြောင်းကို ထာဝရဘုရားသည်မြင်၍ ယောခတ်စကားကို နားထောင်တော်မူ၏။

5. ရှုရိရှင်ဘုရင်သည် ဣသရေလအမျိုးသားတို့ကို ဖျက်ဆီး၍၊ စပါးနင်းရာတွင် လွင့်သောအမှုန့်ကဲ့သို့ ဖြစ်စသဖြင့်၊ မြင်းစီးသူရဲ၊ ငါးကျိပ်၊ ရထားတဆယ်၊ ခြေသည်သူရဲတသောင်းကို သာယောခတ်၌ကြွင်းစေ၏။

6. ထို့ကြောင့် ထာဝရဘုရားသည် ကယ်တင်သော သခင်ကို ပေးတော်မူသဖြင့်၊ ဣသရေလအမျိုးသားတို့သည် ရှုရိလူတို့လက်မှထွက်မြောက်၍ အထက်ကနည်းတူ မိမိတို့နေရာ၌ နေရကြ၏။

7. သို့ရာတွင် ဣသရေလအမျိုးကို ပြစ်မှားစေသော ယေရောဗောင်မင်းမျိုး၏ ဒုစရိုက်အပြစ်တို့ကိုမရှောင် လိုက်ကြ၏။ ရှမာရိမြို့၌လည်း အာရှရပင် ရှိသေး၏။

8. ယောခတ်ပြုမူသော အမှုအရာကြွင်းလေသမျှ တို့နှင့် တန်ခိုးကြီးခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။

9. ယောခတ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ရှမာရိမြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်ယဟောရှသည် ခမည်းတော်အရာ၌ နန်းထိုင်၏။

10. ယုဒရှင်ဘုရင်ယောရှ နန်းစံသုံးဆယ်ခုနစ်နှစ်တွင်၊ ယောခတ်သား ယဟောရှသည် ရှမာရိမြို့၌မင်းပြု၍ ဣသရေလနိုင်ငံကို ဆယ်ခြောက်နှစ်စိုးစံ၏။

11. ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၍ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ်သားယေရောဗောင်၏ ဒုစရိုက်အပြစ်ကိုမရှောင်၊ အကုန် အစင်လိုက်လေ၏။

12. ယဟောရှပြုမူသော အမှုအရာကြွင်းလေသမျှ၊ ယုဒရှင်ဘုရင်အာမဇိကို စစ်တိုက်ရာတွင်၊ တန်ခိုးကြီးခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။