Judson Bible

၂ ပေ 1:4-17 Judson Bible (BJB)

4. ထိုသို့သောအားဖြင့်လည်း အလွန်ကြီးမြတ်၍ အဘိုးထိုက်သော ဂတိများကို ငါတို့၌အပ်ပေးတော်မူပြီ။ အကြောင်းမူကား၊ ထိုဂတိတော်များကို အမှီပြု၍ သင်တို့သည် လောကီတပ်မက်ခြင်းအညစ်အကြေးနှင့် ကင်းလွတ်သဖြင့်၊ ဘုရားပကတိကို ဆက်ဆံရသောသူ ဖြစ်ကြမည်အကြောင်းတည်း။

5. ထိုသို့အလိုငှါ၊ သင်တို့သည် ယုံကြည်ခြင်း၌ သီလကို၎င်း၊ သီလ၌ ပညာကို၎င်း၊

6. ပညာ၌ ကာမဂုဏ်ချုပ်တည်းခြင်းကို၎င်း၊ သည်းခံခြင်း၌ ဘုရားဝတ်ကိုပြု၍ မွေ့လျော်ခြင်းကို၎င်း၊

7. ထိုမွေ့လျော်ခြင်း၌ ညီအစ်ကိုစုံမက်ခြင်းကို၎င်း၊ ညီအစ်ကိုစုံမက်ခြင်း၌ ချစ်ခြင်းမေတ္တာကို၎င်း၊ အလွန်ကြိုးစားအားထုတ်၍ ထပ်ဆင့်ကြလော့။

8. အကြောင်းမူကား၊ ထိုပါရမီတို့သည် သင်တို့၌ ရှိ၍ ကြွယ်ဝလျှင်၊ ငါတို့သခင်ယေရှုခရစ်ကို သိကျွမ်းခြင်း၌ မပျင်းရိစေခြင်းငှါ၎င်း၊ အကျိုးမဲ့ မဖြစ်စေခြင်းငှါ၎င်း၊ ပြုပြင်တတ်ကြ၏။

9. ထိုပါရမီနှင့် ကင်းသောသူမူကား၊ မျက်စိကန်း ၏။ ကိုယ်မျက်စီကိုကိုယ်ပိတ်၏။ မိမိအပြစ်ဟောင်း ဆေးကြောကြောင်းကို မေ့လျော့၏။

10. ထိုကြောင့်၊ ညီအစ်ကိုတို့၊ သင်တို့ခံရသော ခေါ်တော်မူခြင်းနှင့် ရွေးချယ်တော်မူခြင်းကို တည်မြဲစေခြင်းငှါ သာ၍ ကြိုးစားအားထုတ်ကြလော့။ သို့ပြုလျှင်၊ ရွေ့လျားခြင်းနှင့်အစဉ်ကင်းလွတ်သည်ဖြစ်၍၊

11. ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်၏ ထာဝရနိုင်ငံတော်ထဲသို့ ဝင်စားခြင်းအခွင့်ကို သင်တို့အားကြွယ်ဝစွာ ပေးသနားတော်မူလတံ့။

12. ထိုကြောင့်၊ ယခုဟောပြောသောသမ္မာတရားကို သင်တို့သည် နားလည်၍ တည်ကြည်ခြင်းရှိသော်လည်း၊ ဤသို့သော စကားများနှင့် သင်တို့အား အစဉ်မပြတ် သတိပေးမည် အမှုကို ငါမမေ့မလျော့။

13. ငါတို့သခင်ယေရှုခရစ်သည် ဗျာဒိတ်ပေးတော်မူသည်အတိုင်း၊

14. ငါတည်းခိုရာတဲကို မကြာမမြင့်မှီ ငါပစ်သွားရမည်အရာကို ငါသိမှတ်၍၊ ဤတဲ၌ ရှိနေစဉ်ကာလပတ်လုံး၊ သင်တို့ကို သတိပေး၍ နှိုးဆော်အပ်သည်ဟု ငါသဘောရှိ၏။

15. ထိုမှတပါး၊ ငါစုတေ့သည်နောက်၊ သင်တို့သည် ဤအရာများကို အစဉ်မှတ်မိစေခြင်းငှါ ငါကြိုးစား အားထုတ်မည်။

16. ငါတို့သခြင်ယေရှုခရစ်၏ တန်ခိုးတော်ကို၎င်း၊ ကြွလာတော်မူခြင်းကို၎င်း၊ သင်တို့အား ကြားပြောသောအခါ၊ ငါတို့သည် ပရိယာယ်နှင့် ပြင်ဆင်သော ဒဏ္ဍာရီ စကားကိုမလိုက်၊ ဘုန်းအာနုဘော်တော်ကို ကိုယ်တိုင်မြင်သောသူဖြစ်ကြ၏။

17. အဘယ်သို့နည်းဟူမူကား၊ ဤသူသည် ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ ချစ်သား ပေတည်းဟူသော အသံတော်သည်၊ ထူးမြတ်သောအရောင်အဝါတော်ထဲက၊ ထိုသခင်သို့ရောက်သောအခါ၊ ခမည်းတော်ဘုရားသခင့် အထံတော်မှ ဂုဏ်သရေဘုန်းအာနုဘော်ကိုခံရတော်မူ၏။