Judson Bible

၁ ရာ 25:8-17 Judson Bible (BJB)

8. ကိုယ်တော်၏ လုလင်တို့ကို မေးမြန်းပါတော့။ သူတို့သည် ပြောကြလိမ့်မည်။ ထို့ကြောင့် ကျွန်ုပ်၏ လုလင်တို့သည် ရှေ့တော်၌ မျက်နှာရကြပါစေ။ အကျွန်ုပ်တို့သည် မင်္ဂလာနေ့၌ ရောက်ပါ၏။ လက်တော်၌ ရှိသမျှကို ကိုယ်တော်ကျွန်များ၊ ကိုယ်တော်၏သား ဒါဝိဒ်အား သနားတော်မူပါဟု နှုတ်ဆက်ရမည်အကြောင်းမှာထား၍ လွှတ်လိုက်၏။

9. ဒါဝိဒ်၏ လုလင်တို့သည် နာဗလထံသို့ ရောက်သောအခါ၊ ဒါဝိဒ်မှာထားသမျှသော စကားတို့ကို ပြန်ပြောပြီးလျှင် တိတ်ဆိတ်စွာ နေကြ၏။

10. နာဗလကလည်း၊ ဒါဝိဒ်ကား အဘယ်သူနည်း။ ယေရှဲ၏သားကား အဘယ်သူနည်း။ ယခုကာလ သခင်ကို ပုန်ကန်သော ကျွန်များပါတကား။

11. ငါသည် ငါ့သိုးမွေးကို ညှပ်သောသူတို့အဘို့ ပြင်ဆင်သော ငါ့မုန့်၊ ငါ့ရေ၊ ငါ့အမဲသားကို ယူ၍ ငါမသိသော လူတို့အားပေးရမည်လောဟု ဒါဝိဒ်၏ လုလင်တို့အားပြောဆို၏။

12. ဒါဝိဒ်၏ လုလင်တို့သည် လှည့်သွား၍ ထိုစကားအလုံးစုံတို့ကို ဒါဝိဒ်အားပြန်လျှောက်ကြ၏။

13. ဒါဝိဒ်ကလည်း လူတိုင်း မိမိထားကို ခါး၌စည်းစေဟု မိမိလူတို့အားဆိုလျက် မိမိထားကို စည်းလေ၏။ လူလေးရာတို့သည် ဒါဝိဒ် နောက်သို့လိုက်ကြ၏။ နှစ်ရာတို့သည် ဥစ္စာ ပစ္စည်းများကို စောင့်၍ နေကြ၏။

14. လုလင်တယောက်သည် နာဗလမယား အဘိဂဲလထံသို့သွား၍၊ ဒါဝိဒ်သည် အကျွန်ုပ်တို့သခင်ကို နှုတ်ဆက်အံ့သောငှါ တမန်တို့ကို တောမှစေလွှတ်၍၊ အကျွန်ုပ်တို့သခင်သည် သူတို့ကို ဆဲပါ၏။

15. ထိုသူတို့သည် ကျွန်တော်တို့၌ အလွန်ကျေးဇူးပြုပါပြီ။ ကျွန်တော်တို့သည် တောမှာ နေ၍ သူတို့နှင့်ပေါင်းဘော်သော ကာလပတ်လုံးအရှုံးမခံ၊ ဥစ္စာတစုံတခုမျှ မပျောက်ပါ။

16. ကျွန်တော်တို့သည် သိုးထိန်း၍ သူတို့နှင့် ပေါင်းဘော်သော ကာလပတ်လုံး၊ သူတို့သည် နေ့ညဉ့်အစဉ်ကွယ်ကာလျက် နေကြပါ၏။

17. သို့ဖြစ်၍ သခင်မသည် အဘယ်သို့ပြုသင့်သည်ကို ကြည့်ရှုဆင်ခြင်ပါတော့။ အကျွန်ုပ်တို့ သခင်နှင့် အိမ်သူအိမ်သား အပေါင်းတို့၌ ဘေးပြုမည်ဟု စီရင်ပါပြီ။ သခင်သည် အဓမ္မလူဖြစ်သောကြောင့်၊ အဘယ်သူမှ၊ မပြောမလျှောက်ဝံ့ပါဟု ဆိုလေသော်၊