Judson Bible

၁ ရာ 25:32-43 Judson Bible (BJB)

32. ဒါဝိဒ်ကလည်း၊ ယနေ့ငါနှင့် တွေ့စေခြင်းငှါ၊ သင့်ကို စေလွှတ်တော်မူသော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။

33. သင်ပေးသောအကြံလည်း မင်္ဂလာရှိစေသတည်း။ ယနေ့ငါသည် လူအသက်ကို သတ်အံ့သောငှါ၊ မသွားရမည်အကြောင်း၊ ကိုယ်လက်နှင့် ကိုယ်အမှုကို စောင့်၍ အပြစ်ဒဏ်မပေးရမည်အကြောင်း ဆီးတားသောသင်သည်လည်း မင်္ဂလာရှိစေသတည်း။

34. အကယ်စင်စစ် သင့်ကို ငါမညှင်းဆဲရမည်အကြောင်း၊ ဆီးတားတော်မူသော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ သင်သည်ငါနှင့် တွေ့ခြင်းငှါ အလျင်အမြန်မလာလျှင်၊ အကယ်စင်စစ် နက်ဖြန်မိုဃ်းလင်းသောအခါ၊ နာဗလ၏ လူယောက်ျား တစုံတယောက်ကိုမျှ ငါချန်၍မထားဟု အဘိဂဲလအား ပြောဆိုလျက်၊

35. သူဆောင်ခဲ့သော လက်ဆောင်ကို သူ၏လက်မှခံယူ၍၊ သင်သည် နေရာအိမ်သို့ ငြိမ်ဝပ်စွာသွားလော့။ သင်၏စကားကို ငါနားထောင်ပြီ။ သင်၏ မျက်နှာကိုလည်း ထောက်၍ နေမည်ဟုဆိုလေ၏။

36. အဘိဂဲလသည်လည်း နာဗလထံသို့ ပြန်သွား၍၊ သူသည် ရှင်ဘုရင်၏ ပွဲကဲ့သို့သော ပွဲကို မိမိအိမ်၌ ခံသဖြင့်၊ ယစ်မူး၍ စိတ်ရွှင်လန်းလျက်နေသောကြောင့်၊ မိုဃ်းမလင်းမှီ မယားသည် အလျှင်းမပြော။

37. မိုဃ်းလင်း၍ နာဗလသောက်သော စပျစ်ရည်အရှိန်ကုန်သောအခါ၊ ထိုအမှုများကို မယားပြောသဖြင့် သူသည်နှလုံးသေ၍ ကျောက်ကဲ့သို့ဖြစ်၏။

38. ဆယ်ရက်လောက်လွန်မှ ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့် နာဗလသေ၏။

39. နာဗလသေကြောင်းကို ဒါဝိဒ်ကြားသောအခါ၊ ငါခံရသော ကဲ့ရဲ့ခြင်းအမှုကို စောင့်၍ နာဗလလက်မှ နှုတ်တော်မူ၍၊ ကိုယ်တော်ကျွန်ကို ဒုစရိုက်နှင့် ကင်းလွှတ်စေတော်မူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ထာဝရဘုရားသည် နာဗလပြုသော ဒုစရိုက်ကို သူ့ခေါင်းပေါ်သို့ ပြန်ရောက်စေတော်မူပြီဟု ဆို၏။ တဖန်လူကို စေလွှတ်၍ အဘိဂဲလနှင့် လက်ထပ်ခြင်းငှါ နှုတ်ဆက်လေ၏။

40. ဒါဝိဒ်၏ ကျွန်တို့သည် အဘိဂဲလရှိရာ ကရမေလမြို့သို့ ရောက်သောအခါ၊ ဒါဝိဒ်သည် သခင်မနှင့် လက်ထပ်ခြင်းငှါ ကျွန်တော်တို့ကို စေလွှတ်ပါပြီဟု ပြောဆိုလျှင်၊

41. အဘိဂဲလသည် ထ၍ မြေပေါ်မှာ ပြပ်ဝပ်လျက်၊ ကျွန်မသည် ကျွန်မသခင်၏ ကျွန်တို့ ခြေကို ဆေးသော ကျွန်မိန်းမဖြစ်စေသောဟု ဆိုပြီးမှ၊

42. အလျင်အမြန်ထ၍ မိမိနောက်လိုက် ကျွန်မငါးယောက်ပါလျက် မြည်းစီးသဖြင့်၊ ဒါဝိဒ်စေလွှတ်သော လူတို့နှင့် တကွလိုက်၍ ဒါဝိဒ်၏ခင်ပွန်း ဖြစ်လေ၏။

43. ဒါဝိဒ်သည် ယေဇရေလမြို့သူ အဟိနောင်ကိုလည်း သိမ်း၍ ထိုမိန်းမနှစ်ယောက်တို့သည် သူ၏ ခင်ပွန်းဖြစ်ကြ၏။