Judson Bible

၁ ရာ 22:10-23 Judson Bible (BJB)

10. အဟိမလက်သည် ယေရှဲ၏သားအဘို့ ထာဝရဘုရားထံတော်၌ မေးမြန်း၍ စားစရိတ်ကို၎င်း၊ ဖိလိတ္တိလူ ဂေါလျတ်၏ ထားကို၎င်း ပေးပါ၏ဟု ကြားလျှောက်လျှင်၊

11. ရှင်ဘုရင်သည် အဟိတုပ်၏သား ယဇ်ပုရောဟိတ် အဟိမလက်နှင့် သူ၏အဆွေအမျိုးတည်းဟူသော နောဗမြို့၌ နေသော ယဇ်ပုရောဟိတ်အပေါင်းတို့ကို ခေါ်၍၊ သူတို့သည် အထံတော်သို့ ရောက်လာကြ၏။

12. ရှောလုကလည်း၊ အဟိတုပ်၏သား နားထောင်လော့ဟု ဆိုလျှင်၊ အဟိမလက်က အကျွန်ုပ်ရှိပါသည် သခင်ဟုလျှောက်၏။

13. ရှောလုကလည်း၊ သင်နှင့် ယေရှဲ၏သားသည် အဘယ်ကြောင့် ငါ့တဘက်၌ သင်းဖွဲ့ကြသနည်း။သူသည် ယနေ့ပြုသည့်အတိုင်း ငါ့ကို ပုန်ကန်စေခြင်းငှါ သင်သည် မုန့်နှင့်ထားကို ပေး၍ သူအဘို့ ဘုရားသခင့်ထံတော်၌ မေးမြန်းပြီတကားဟု ဆိုသော်၊

14. အဟိမလက်က၊ ကိုယ်တော်၏ ကျွန်တို့တွင် ဒါဝိဒ်ကဲ့သို့ အဘယ်သူသည် သစ္စာရှိသနည်း။ သမက်တော်ဖြစ်ပါ၏။ စေခိုင်းတော်မူသောသူ၊ နန်းတော်၌ အသရေရှိသောသူ ဖြစ်ပါ၏။

15. ထိုကာလ၌ အကျွန်ုပ်သည် ဒါဝိဒ်အဘို့ ဘုရားသခင့်ထံတော်၌ မေးမြန်းစပြုသလော။ ထိုအမှု ဝေးပါစေသော။ ရှင်ဘုရင်သည် ကိုယ်တော်ကျွန်နှင့် ကျွန်တော်၏အဆွေအမျိုး တစုံတယောက်၌မျှ အပြစ်တင်တော်မမူပါနှင့်၊ ကိုယ်တော်ကျွန်သည် ဤအမှုကို အကြီးအငယ်အားဖြင့်မျှ မသိပါဟု ရှင်ဘုရင်အား လျှောက်လေ၏။

16. ရှင်ဘုရင်က၊ အဟိမလက်၊သင်နှင့် သင်၏အဆွေအမျိုးအပေါင်းတို့သည် ဧကန်အမှန်အသေခံရမည်ဟု ဆိုလျက်၊

17. ထာဝရဘုရား၏ ယဇ်ပုရောဟိတ်တို့သည် ဒါဝိဒ်ဘက်မှာ နေ၍၊ သူပြေးကြောင်းကို သိသော်လည်း ငါ့အားမကြားမပြောသောကြောင့်၊ သူတို့ကို လှည့်၍ သတ်ကြဟု ခြံရံလျက်ရှိသော ခြေသည်တို့အား အမိန့်တော်ရှိသော်လည်း၊ ရှင်ဘုရင်၏ ကျွန်တို့သည် ထာဝရဘုရား၏ ယဇ်ပုရောဟိတ်တို့ကို မလုပ်ကြံ ဘဲ နေကြ၏။

18. တဖန်ရှင်ဘုရင်က၊ သင်သည်လှည့်၍ ယဇ်ပုရောဟိတ်တို့ကို လုပ်ကြံတော့ဟု ဒေါဂအား မိန့်တော်မူ သည်အတိုင်း၊ ဧဒုံအမျိုးသား ဒေါဂသည် လှည့်၍ ပိတ်သင်တိုင်းကို ဝတ်သော ယဇ်ပုရောဟိတ် ရှစ်ဆယ့်ငါးပါးတို့ကို လုပ်ကြံသဖြင့် ထိုနေ့၌ သတ်လေ၏။

19. ယဇ်ပုရောဟိတ် ပိုင်သော နောဗမြို့ကိုလည်း တိုက်၍ ယောက်ျား၊ မိန်းမ၊ သူငယ်၊ နို့စို့မှစ၍ နွား၊ မြည်း၊ သိုးတို့ကို ထားနှင့်လုပ်ကြံလေ၏။

20. အဟိတုပ်၏ သားဖြစ်သော အဟိမလက်၏သားတို့တွင်၊ အဗျာသာ အမည်ရှိသော သူတယောက်သည် လွတ်၍ ဒါဝိဒ်ရှိရာသို့ ပြေးလေ၏။

21. ထာဝရဘုရား၏ ယဇ်ပုရောဟိတ်တို့ကို ရှောလုသတ်ကြောင်းကို၊ အဗျာသာသည် ဒါဝိဒ်အား ကြားပြောသောအခါ၊

22. ဒါဝိဒ်က၊ ဧဒုံအမျိုးသား ဒေါဂသည် ရှောလုအားပြောမည်ဟု သူ့ကိုတွေ့သောနေ့၌ ငါရိပ်မိ၏။ ငါသည် သင်၏ အဆွေအမျိုးအပေါင်းတို့ကို သေစေခြင်းငှါပြုမိပါပြီတကား။

23. ငါနှင့် အတူနေပါလော့။ မစိုးရိမ်နှင့်။ ငါ့အသက်ကို ရှာသောသူသည် သင့်အသက်ကိုရှာ၏။ ငါနှင့်အတူ နေပါလော့။ မစိုးရိမ်နှင့်။ ငါနှင့်အတူနေလျှင် ဘေးလွတ်ပါလိမ့်မည်ဟု အဗျာသာအား ပြောဆို၏။