Judson Bible

၁ ရာ 20:7-20 Judson Bible (BJB)

7. အဘက ကောင်းပြီဟုဆိုလျှင်၊ ကိုယ်တော်ကျွန်သည် ချမ်းသာရပြီ။ သို့မဟုတ် အလွန်စိတ်ဆိုးလျှင်၊ ဘေးပြုမည် အကြံရှိသည်ကို သဘောကျပါ။

8. ကိုယ်တော်ကျွန်၌ ကျေးဇူးပြုပါ။ ထာဝရဘုရား၏ ပဋိညာဉ်ကို ကိုယ်တော်ကျွန်နှင့် ဖွဲ့ပါပြီ။ သို့သော်လည်း ကျွန်ုပ်၌ အပြစ်ရှိလျှင် ကိုယ်တော်တိုင် သတ်ပါ။ အဘယ်ကြောင့် အဘထံသို့ ဆောင်သွားရပါမည်နည်းဟု ယောနသန်အားဆို၏။

9. ယောနသန်က ထိုသို့သောအမှု ဝေးပါစေသော။ ကျွန်ုပ်အဘသည် သင်၌ ဘေးပြုမည်ဟု အကြံ ရှိသည်ကို ကျွန်ုပ်သည် အမှန်သိလျှင် သင့်အား မပြောဘဲနေလိမ့်မည်လောဟု ဆို၏။

10. ဒါဝိဒ်ကလည်း၊ ခမည်းတော်သည် ကြမ်းတမ်းစွာ ပြန်ပြောလျှင်၊ ကျွန်ုပ်အား အဘယ်သူ ကြားပြောလိမ့်မည်နည်းဟု မေးသော်၊

11. ယောနသန်က၊ ငါတို့သည် တောသို့ သွားကြကုန်အံ့ဟု ဒါဝိဒ်အား ဆိုလျက်၊ နှစ်ယောက်တို့သည် တောသို့ထွက်သွားကြ၏။

12. ယောနသန်ကလည်း၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ နက်ဖြန်နေ့၊ သဘက်နေ့၌ ကျွန်ုပ်အဘကို စုံစမ်းသောအခါ သူသည် ဒါဝိဒ်၌ ကောင်းသော အကြံရှိ၍ သင့်ကို ကျွန်ုပ်မကြားလိုက်ဘဲ နေသော်၎င်း၊

13. သို့မဟုတ် ကျွန်ုပ်အဘသည် ဘေးပြုခြင်းငှါ အလိုရှိ၍ သင်သည် ငြိမ်ဝပ်စွာ သွားရမည်အကြောင်း၊ ကျွန်ုပ် သတိမပေး မလွှတ်လိုက်ဘဲ နေသော်၎င်း၊ ထာဝရဘုရားသည် ထိုမျှမက ယောနသန်ကို ပြုတော်မူစေသတည်း။ ထာဝရဘုရားသည် ကျွန်ုပ်အဘနှင့် အတူရှိခဲ့ပြီးသကဲ့သို့ သင်နှင့်အတူ ရှိပါစေသော။

14. သင်သည် ကျွန်ုပ်အသက်ရှင်စဉ် အခါ၌သာ အသက်ချမ်းသာစေခြင်းငှါ ထာဝရဘုရား အလိုတော် အတိုင်း ကျေးဇူးပြုရမည်မက၊

15. ထာဝရဘုရားသည် ဒါဝိဒ်၏ ရန်သူအပေါင်းတို့ကို မြေကြီးပေါ်က ပယ်ရှင်းတော်မူသော နောက်မှာလည်း၊ ကျွန်ုပ်အမျိုးအနွယ်၌ အစဉ်အမြဲ ကျေးဇူးပြုရမည်ဟု ဒါဝိဒ်အားဆိုသဖြင့်၎င်း၊

16. သစ္စာပျက်လျှင် ဒါဝိဒ်၏ ရန်သူတို့အားဖြင့် ထာဝရဘုရား အပြစ်ပေးတော်မူစေသတည်းဟု ဒါဝိဒ်၏ အမျိုးအနွယ်နှင့် ပဋိညာဉ်ဖွဲ့သဖြင့်၎င်း၊

17. ကိုယ်ဝိညာဉ်ကို ချစ်သကဲ့သို့ ဒါဝိဒ်ကို ချစ်သောကြောင့်၊ ချစ်သောစိတ်အားကြီး၍ ဒါဝိဒ်အား အထပ်ထပ်ကျိန်ဆို၏။

18. တဖန် ယောနသန်က၊ နက်ဖြန်နေ့သည် လဆန်းနေ့ဖြစ်၍၊ သင်ထိုင်ရာအရပ် လပ်လျှင် သင်မရှိကြောင်း ထင်ရှားလိမ့်မည်။

19. သင်သည် သုံးရက်နေပြီးမှ အလျင်အမြန် ဆင်းလာသဖြင့်၊ အရင်အမှုရှိစဉ် ပုန်းရှောင်၍ နေရာအရပ်သို့ ရောက်လျှင်၊ ဧဇေလ ကျောက်နားမှာ နေရမည်။

20. ကျွန်ုပ်သည်လည်း၊ စက်ကို ပစ်ဟန်ပြု၍၊ ထိုကျောက်နားသို့ မြှားသုံးစင်းပစ်မည်။