Judson Bible

၁ ရာ 2:13-28 Judson Bible (BJB)

13. လူများတို့တွင် ယဇ်ပုရောဟိတ်ပြုသော ထုံးစံဟူမူကား၊ ယဇ်ပူဇော်၍ အမဲသားကို ပြုတ်စဉ်အခါ၊ ယဇ်ပုရောဟိတ်၏ အစေအပါတယောက်သည်လာ၍ သုံးချောင်းရှိသော အမဲချိတ်ကို ကိုင်လျက်၊-

14. အိုးအစရှိသည်တို့၌ ထိုးခပ်၍၊ အမဲချိတ်တွင် ပါသမျှကို ယဇ်ပုရောဟိတ်သည် သိမ်းယူတတ်၏။ ရှီလောမြို့သို့ ရောက်လာသော ဣသရေလလူအပေါင်းတို့အား ထိုသို့ပြုကြ၏။

15. ဆီဥကို မီးမရှို့မှီ၊ ယဇ်ပုရောဟိတ်၏ အစေအပါသည်လာ၍၊ ယဇ်ပုရောဟိတ်ဘို့ ကင်စရာအမဲသား ကို ပေးပါ။ ပြုတ်သော အမဲသားကို မယူ။ စိမ်းသော အမဲသားကိုသာ ယူမည်ဟု ယဇ်ပူဇော်သော သူအား ဆိုတတ်၏။

16. ထိုသူက၊ ဆီဥကိုအရင် မီးရှို့ပါရစေ။ နောက်မှ ယူချင်တိုင်းယူပါဟုဆိုလျှင်၊ မဟုတ်ဘူး ယခုပေးရမည်။ သို့မဟုတ် အနိုင်ယူမည်ဟု ပြောဆိုတတ်၏။

17. ထိုယဇ်ပုရောဟိတ် ပျိုတို့သည်၊ ထာဝရဘုရားဝတ်ကို လူများ ရွံစရာပြုသောကြောင့်၊ ရှေ့တော်၌ အလွန်အပြစ်ကြီးသောသူ ဖြစ်ကြ၏။

18. သူငယ် ရှမွေလသည် ပိတ်သင်တိုင်းကို ဝတ်စည်းလျက်၊ ထာဝရဘုရားရှေ့၌ အမှုတော်ကို ဆောင်ရွက် လေ၏။ -

19. နှစ်စဉ်ပြုရသော ယဇ်ကို ပူဇော်ခြင်းငှါ၊ သူ၏ မိဘသည် ရောက်လာသောအခါ၊ အမိသည် တနှစ် မပြတ်သားအဘို့ အင်္ကျီငယ်ကို ချုပ်၍ ဆောင်ခဲ့တတ်၏။

20. တရံရောအခါ၊ ဧလိက၊ သင်သည် ထာဝရဘုရား၌ ငှါးထားသော သားအတွက်၊ ဤမိန်းမတွင် အမျိုး အနွှယ်ကို ပေးတော်မူပါစေသောဟု ဧလကာနလင်မယားကို ကောင်းကြီးပေး၏။ ထိုသူတို့သည် နေရာ အိမ်သို့ ပြန်သွားသောနောက်၊

21. ထာဝရဘုရားသည် ဟန္နကို အကြည့်အရှုကြွတော်မူသဖြင့်၊ သူသည် ပဋိသန္ဓေယူ၍၊ သားသုံးယောက်၊ သမီးနှစ်ယောက်တို့ကို ဘွားမြင်လေ၏။ သူငယ်ရှမွေလသည် ထာဝရဘုရားရှေ့တော်၌ ကြီးပွား သတည်း။

22. ဧလိသည် အသက်အရွယ်လွန်သောအခါ၊ သူ၏သားတို့သည် ဣသရေလလူအပေါင်းတို့၌ ပြုသမျှ ကို၎င်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ စည်းဝေးသောမိန်းမနှင့် မှားယွင်းကြောင်းကို ၎င်း ကြားသိလျှင်၊

23. သင်တို့သည် အဘယ်ကြောင့် ဤသို့ပြုကြသနည်း။ သင်တို့ပြုသော ဒုစရိုက်တို့ကို လူအပေါင်းတို့ သည် ပြော၍ ငါကြားရ၏။

24. မကောင်းဘူးငါ့သားတို့။ ငါကြားသော သိတင်းသည် ကောင်းသော သိတင်းမဟုတ်။ ထာဝရဘုရား ၏ လူတို့သည် ပြစ်မှားရမည်အကြောင်း၊ သင်တို့ပြုကြသည် တကား။

25. လူချင်းတယောက်ကို တယောက်ပြစ်မှားလျှင်၊ တရားသူကြီး စစ်ကြောစီရင်ရ၏။ လူသည် ထာဝရ ဘုရားကို ပြစ်မှားလျှင်၊ သူ့အတွက် အဘယ်သူ တောင်းပန်လိမ့်မည်နည်းဟု ဆုံးမသော်လည်း၊ သူ တို့သည် အဘ၏ စကားကို နားမထောင်ကြ။ အကြောင်းမူကား၊ ထာဝရဘုရားသည် ကွပ်မျက်ခြင်း ငှါ အလိုရှိတော်မူ၏။

26. သူငယ်ရှမွေလသည် ကြီးပွား၍၊ ထာဝရဘုရားရှေ့၊ လူတို့ရှေ့၌ မျက်နှာရလေ၏။

27. ဘုရားသခင်၏ လူတယောက်သည် ဧလိထံသို့လာ၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ အဲဂုတ္တု ပြည်၊ ဖာရောဘုရင်ထံ၌နေရသော သင့်အဘ၏ အမျိုးအား ငါ ထင်ရှားသည် မဟုတ်လော။ -

28. ငါ၏ ယဇ်ပလ္လင်ပေါ်မှာ ပူဇော်ခြင်း၊ နံ့သာပေါင်းကို မီးရှို့ခြင်း၊ ငါ့ရှေ့မှာ သင်တိုင်းကို ဝတ်ခြင်း အမှုကို စောင့်ရသော ငါ၏ ယဇ်ပုရောဟိတ် ဖြစ်စေခြင်းငှါ၊ သူ့ကို ဣသရေလအမျိုးအပေါင်းတို့ အထဲက ငါရွေးကောက်သည် မဟုတ်လော။ ဣသရေလအမျိုးသားတို့သည် မီးဖြင့်ပြုသော ပူဇော်သက္ကာ ရှိသမျှတို့ကို၊ သင့်အဘ၏ အမျိုးအား ငါပေးသည်မဟုတ်လော။-