Judson Bible

၁ ရာ 18:8-21 Judson Bible (BJB)

8. ရှောလုက၊ သူတို့သည် ဒါဝိဒ်အား အသောင်းသောင်း၊ ငါ့အား အထောင်ထောင်သာ ပေးကြပြီ။ နိုင်ငံတော်မှတပါး အဘယ်အရာကို ပေးနိုင်သေးသနည်းဟု အလွန်အမျက်ထွက်၍ ထိုစကားကြောင့် စိတ်ပျက်လေ၏။

9. ထိုနေ့မှစ၍ ဒါဝိဒ်ကို အစဉ်ချောင်းမြောင်းလျက် နေ၏။

10. နက်ဖြန်နေ့ထာဝရဘုရားထံတော်က၊ ဆိုးသောဝိညာဉ်သည် ရှောလုအပေါ်မှာရောက်သဖြင့်၊ ရှောလု သည် နန်းတော်အလယ်၌ ပရောဖက်ပြုသောကြောင့်၊ ဒါဝိဒ်သည် အရင်ကဲ့သို့ စောင်းတီးလေ၏။ ရှောလုသည် လှံတို့ကို ကိုင်လျက်ရှိ၍၊-

11. ဒါဝိဒ်ကို ထရံနားမှာထိုးမည်ဟု အကြံရှိသည်အတိုင်း လှံတို့ကို ထိုးပစ်သော်လည်း၊ ဒါဝိဒ်သည် အထံတော်မှ နှစ်ကြိမ်ရှောင်လွှဲလေ၏။

12. ထိုသို့ ထာဝရဘုရားသည် ရှောလုထံမှထွက်၍ ဒါဝိဒ်နှင့်အတူ ရှိတော်မူသောကြောင့်၊ ရှောလုသည် ဒါဝိဒ်ကို ကြောက်ရွံ့သဖြင့်၊-

13. အထံတော်မှ ရွှေ့၍ လူတထောင်အုပ်အရာကို ပေး၏။ ဒါဝိဒ်သည် လူများရှေ့၌ ထွက်ဝင်ရ၏။

14. ဒါဝိဒ်သည် အရာရာ၌ သတိပညာနှင့်ပြုမူ၍ သူနှင့်အတူ ထာဝရဘုရားရှိတော်မူ၏

15. ထိုသို့ အလွန်သတိပညာနှင့် ပြုမူသည်ကို ရှောလုသည် မြင်လျှင် သာ၍ ကြောက်ရွံ့လေ၏။

16. ဣသရေလအမျိုး၊ ယုဒအမျိုးသားအပေါင်းတို့သည် ဒါဝိဒ်ကို ချစ်ကြ၏။ အကြောင်းမူကား၊ သူတို့ ရှေ့၌ ဒါဝိဒ်သည် ထွက်ဝင်တတ်၏။

17. တဖန်ရှောလုသည် ဒါဝိဒ်ကိုခေါ်၍ ငါ့သမီးကြီး မေရပ်ကို သင့်အား ငါပေးစားမည်။ သင်သည် ငါ့အဘို့ ရဲရင့်၍ ထာဝရဘုရားအဘို့ စစ်တိုက်ခြင်းကိုသာ ပြုလော့ဟု မိန့်တော်မူ၏။ အကြောင်းမူကား၊ ငါ့လက်သည် သူ့အပေါ်သို့ မရောက်စေနှင့်။ ဖိလိတ္တိလူတို့ လက်သည် ရောက်ပါစေသောဟု ရှောလု အကြံရှိ၏။

18. ဒါဝိဒ်ကလည်း၊ ကျွန်တော်သည် ရှင်ဘုရင်၏ သမက်တော်ဖြစ်ရပါမည်အကြောင်း အဘယ်သို့သော သူဖြစ်ပါသနည်း။ ကျွန်တော်အသက်နှင့် ကျွန်တော် အဆွေအမျိုးသည်၊ ဣသရေလနိုင်ငံ၌ အဘယ်သို့ မြတ်ပါသနည်းဟု ရှောလုအား လျှောက်၏။

19. သို့ရာတွင်၊ ရှောလု၏သမီး မေရပ်ကို ဒါဝိဒ်အား ပေးစားရသော အချိန်ရောက်သောအခါ၊ မေဟော လသိအမျိုး အဒြေလအား ပေးစားလေ၏။

20. တဖန် ရှောလုသမီး မိခါလသည် ဒါဝိဒ်ကို ချစ်၏။ ထိုအကြောင်းကို လျှောက်သောအခါ၊ ရှောလု သည် အားရလျက်၊-

21. ငါ့သမီးသည် ဒါဝိဒ်ကိုကျော့မိ၍ ဖိလိတ္တိလူတို့ လက်သို့ ရောက်စေခြင်းငှါ ပေးစားမည်ဟု အကြံရှိ၏။