Judson Bible

၁ ရာ 18:4-16 Judson Bible (BJB)

4. မိမိဝတ်သော ဝတ်လုံကို ချွတ်၍ မိမိအဝတ်တန်ဆာများနှင့် ထား၊ လေး၊ ခါးစည်းတို့ကိုပင် ဒါဝိဒ်အား ပေးလေ၏။

5. ဒါဝိဒ်သည် ရှောလုစေခိုင်းသမျှကို သွား၍ သတိပညာနှင့်ပြုမှုသောကြောင့်၊ စစ်သူရဲအုပ်အရာ၌ ခန့်ထားတော်မူသဖြင့်၊ ဒါဝိဒ်သည် ကျွန်တော်မျိုးမှစ၍ လူအပေါင်းတို့တွင် မျက်နှာရ၏။

6. ဒါဝိဒ်သည် ဖိလိတ္တိလူကို သတ်ပြီးမှ ပြန်လာ၍၊ ရောက်လေရာရာ၌ မိန်းမများတို့သည် ရှောလုမင်း ကြီးကို ခရီးဦးကြိုပြုအံ့သောငှါ ရွှင်လန်းသောစိတ်နှင့် သီချင်းဆိုလျက်၊ ကလျက်၊ ပတ်သောအစရှိ သည်တို့ကို တီးလျက်၊ ဣသရေလမြို့ရွာများထဲက ထွက်လာသဖြင့်၊

7. ရှောလု အထောင်ထောင်၊ ဒါဝိဒ် အသောင်းသောင်း သတ်လေစွတကားဟု အလှည့်လှည့် သီချင်းဆိုကြ၏။

8. ရှောလုက၊ သူတို့သည် ဒါဝိဒ်အား အသောင်းသောင်း၊ ငါ့အား အထောင်ထောင်သာ ပေးကြပြီ။ နိုင်ငံတော်မှတပါး အဘယ်အရာကို ပေးနိုင်သေးသနည်းဟု အလွန်အမျက်ထွက်၍ ထိုစကားကြောင့် စိတ်ပျက်လေ၏။

9. ထိုနေ့မှစ၍ ဒါဝိဒ်ကို အစဉ်ချောင်းမြောင်းလျက် နေ၏။

10. နက်ဖြန်နေ့ထာဝရဘုရားထံတော်က၊ ဆိုးသောဝိညာဉ်သည် ရှောလုအပေါ်မှာရောက်သဖြင့်၊ ရှောလု သည် နန်းတော်အလယ်၌ ပရောဖက်ပြုသောကြောင့်၊ ဒါဝိဒ်သည် အရင်ကဲ့သို့ စောင်းတီးလေ၏။ ရှောလုသည် လှံတို့ကို ကိုင်လျက်ရှိ၍၊-

11. ဒါဝိဒ်ကို ထရံနားမှာထိုးမည်ဟု အကြံရှိသည်အတိုင်း လှံတို့ကို ထိုးပစ်သော်လည်း၊ ဒါဝိဒ်သည် အထံတော်မှ နှစ်ကြိမ်ရှောင်လွှဲလေ၏။

12. ထိုသို့ ထာဝရဘုရားသည် ရှောလုထံမှထွက်၍ ဒါဝိဒ်နှင့်အတူ ရှိတော်မူသောကြောင့်၊ ရှောလုသည် ဒါဝိဒ်ကို ကြောက်ရွံ့သဖြင့်၊-

13. အထံတော်မှ ရွှေ့၍ လူတထောင်အုပ်အရာကို ပေး၏။ ဒါဝိဒ်သည် လူများရှေ့၌ ထွက်ဝင်ရ၏။

14. ဒါဝိဒ်သည် အရာရာ၌ သတိပညာနှင့်ပြုမူ၍ သူနှင့်အတူ ထာဝရဘုရားရှိတော်မူ၏

15. ထိုသို့ အလွန်သတိပညာနှင့် ပြုမူသည်ကို ရှောလုသည် မြင်လျှင် သာ၍ ကြောက်ရွံ့လေ၏။

16. ဣသရေလအမျိုး၊ ယုဒအမျိုးသားအပေါင်းတို့သည် ဒါဝိဒ်ကို ချစ်ကြ၏။ အကြောင်းမူကား၊ သူတို့ ရှေ့၌ ဒါဝိဒ်သည် ထွက်ဝင်တတ်၏။