Judson Bible

၁ ရာ 17:7-17 Judson Bible (BJB)

7. လှံရိုးကား ရက်ကန်းလက်လိပ်နှင့် အမျှကြီး၏။ လှံကိုယ်ကား သံခြောက်ပိဿာ အချိန်ရှိ၏။ သူ့ရှေ့ မှာ ဒိုင်းလွှားကို ဆောင်သောသူတယောက်သည် သွားရ၏။

8. ထိုသူရဲသည် ရပ်လျက် သင်တို့သည် စစ်ပြိုင်ခြင်းငှါ အဘယ်ကြောင့် ထွက်လာကြသနည်း။ ငါသည် ဖိလိတ္တိလူ၊ သင်တို့သည် ရှောလု၏ ကျွန်ဖြစ်ကြသည် မဟုတ်လော။ လူတယောက်ကို ရွေးကောက် ၍ ငါနှင့်တိုက်ခြင်းငှါ လာပါစေ။

9. သူသည် ငါ့ကို တိုက်၍ သတ်နိုင်လျှင် ငါတို့သည် သင်တို့၏ ကျွန်ခံမည်။ သို့မဟုတ် ထိုသူကို ငါနိုင် ၍ သတ်လျှင်၊ သင်တို့သည် ငါတို့၏ ကျွန်ခံ၍ ငါတို့အမှုကို ဆောင်ရွက်ရကြမည်ဟု ဣသရေလ ဗိုလ်ခြေတို့ကို ဟစ်၍ ပြောဆို၏။

10. တဖန် ထိုဖိလိတ္တိလူက၊ ဣသရေလဗိုလ်ခြေတို့ကို ယနေ့ ငါကြိမ်းပ၏။ လူချင်းတိုက်စေခြင်းငှါ လူတယောက်ကို ပေးကြလော့ဟု ဆို၏။

11. ဖိလိတ္တိလူပြောသော ထိုစကားကို ရှောလုနှင့် ဣသရေလလူအပေါင်းတို့သည် ကြားလျှင် စိတ်ပျက်၍ အလွန်ကြောက်ရွံ့ကြ၏။

12. ယုဒပြည်၊ ဗက်လင်မြို့၊ ဧဖရတ်အရပ်သားဖြစ်သော ဒါဝိဒ်၏ အဘယေရှဲသည် သားရှစ်ယောက် ရှိ၏။ ရှောလုလက်ထက်၌ ထိုသူသည် အသက်ကြီးသော သူ၏ အရာရှိ၏။

13. ယေရှဲ၏သားတို့တွင် အသက် အကြီးဆုံးသောသူ သုံးယောက်တို့သည် စစ်မှုကို ထမ်း၍ ရှောလုနောက် သို့ လိုက်ကြ၏။ သူတို့အမည်ကား သားဦးဧလျာဘ၊ ဒုတိယသားအဘိနဒပ်၊ တတိယသားရှိမာတည်း။

14. ဒါဝိဒ်သည် အငယ်ဆုံးသော သားဖြစ်၏။ သားကြီးသုံးယောက်တို့သည် ရှောလုနောက်တော်သို့ လိုက်ကြသော်လည်း၊ -

15. ဒါဝိဒ်သည် မလိုက်၊ ဗက်လင်မြို့မှာ မိမိအဘ၏ သိုးတို့ကို ထိန်းကျောင်းခြင်းငှါ ပြန်သွားလေ၏။

16. ဖိလိတ္တိလူသည် အရက်လေးဆယ်ပတ်လုံး၊ နံနက်တခါ၊ ညဦးတခါ ချဉ်းကပ်၍ ကိုယ်ကို ပြ၏။

17. ထိုအခါ ယေရှဲသည် မိမိသား ဒါဝိဒ်ကို ခေါ်၍၊ သင့်အစ်ကိုတို့အဘို့ ဤပေါက်ပေါက် တဧဖာနှင့် ဤမုန့်ဆယ်လုံးတို့ကို ယူ၍ အစ်ကိုတို့ရှိရာ တပ်တော်သို့ ပြေးသွားလော့။