Judson Bible

၁ ရာ 16:8-19 Judson Bible (BJB)

8. တဖန် ယေရှဲသည် အဘိနဒပ်ကို ခေါ်၍ ရှမွေလရှေ့မှာ သွားစေသဖြင့်၊ ရှမွေလက၊ ဤသူကိုလည်း ထာဝရဘုရား ရွေးတော်မမူဟုဆို၏။

9. တဖန်ယေရှဲသည် ရှိမာကို သွားစေသဖြင့်၊ ဤသူကိုလည်း ထာဝရဘုရားရွေးတော်မမူဟု ဆို၏။

10. တဖန်ယေရှဲသည် သားခုနစ်ယောက်တို့ကို ရှမွေလရှေ့မှာ သွားစေသဖြင့်၊ ရှမွေလက၊ ဤသူတို့ကို လည်း ထာဝရဘုရား ရွေးတော်မမူ။

11. သင်၌ သားမရှိပြီလောဟု ယေရှဲအား မေးလျှင်၊ ယေရှဲက အငယ်ဆုံးသော သားရှိပါသေး၏။ သိုးတို့ကို ထိန်းကျောင်းလျက် နေပါသည်ဟု ပြောဆိုသော်၊ ရှမွေလက သူ့ကို ခေါ်စေခြင်းငှါ လူကို စေလွှတ် ပါ။ သူမရောက်မှီ ပွဲသို့ ဝင်၍ မထိုင်ရဟု ဆိုသည်အတိုင်း၊

12. စေလွှတ်၍ သူ့ကို ခေါ်ခဲ့၏။ သူသည် နီသောဆံပင်ရှိ၏။ လှသောအဆင်းနှင့် ချစ်ဘွယ်သော မျက်နှာ လည်းရှိ၏။ ထာဝရဘုရားက ဤသူပေတည်း။ ထ၍ ဘိသိက်ပေးလော့ဟု မိန့်တော်မူ၏။

13. ရှမွေလသည်လည်း၊ ဆီဘူးကိုယူ၍ သူ၏ အစ်ကိုစုထဲမှာ သူ့ကို ဘိသိက်ပေးလေ၏။ ထိုနေ့မှစ၍ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ်မှာ သက်ရောက်လေ၏။ ရှမွေသည် ထ၍ ရာမ မြို့သို့ ပြန်သွား၏။

14. ထာဝရဘုရား၏ ဝိညာဉ်တော်သည် ရှောလုမှ ထွက်သွား၍၊ ထာဝရဘုရားထံတော်က ဆိုးသော ဝိညာဉ်သည် နှောင့်ရှက်တတ်၏။

15. ရှောလု၏ ကျွန်တို့ကလည်း၊ ယခုမှာ ဘုရားသခင်ထံတော်က ဆိုးသော ဝိညာဉ်သည် ကိုယ်တော်ကို နှောင့်ရှက်တတ်ပါ၏။

16. ခစားသော ကိုယ်တော်၏ ကျွန်တို့သည်၊ သာယာစွာ စောင်းတီးတတ်သောသူကို ရှာဖွေရမည် အကြောင်း အရှင်အမိန့်ရှိတော်မူပါ။ ဘုရားသခင့်ထံတော်က ဆိုးသောဝိညာဉ် လာသောအခါ၊ သူသည် စောင်းတီးသဖြင့် ကိုယ်တော်သည် ချမ်းသာရတော်မူမည်ဟု လျှောက်လျှင်၊

17. ရှောလုက၊ သာယာစွာ တီးတတ်သောသူကို ငါ့အဘို့ ရှာဖွေ၍ ငါ့ထံသို့ ခေါ်ခဲ့ကြဟု ကျွန်တို့အား မိန့်တော်မူသော်၊

18. ကျွန်တယောက်က၊ ကျွန်တော်တွေ့ဘူးသော ဗက်လင်မြို့သား ယေရှဲသားသည် စောင်းတီးသောအတတ်၊ ရဲရင့်ခြင်းအစွမ်းသတ္တိနှင့် ပြည့်စုံ၍၊ စစ်မှု၌၎င်း၊ ပညာစကား၌၎င်း လေ့ကျက်ပါ၏။ အဆင်းလည်း လှပါ၏။ ထာဝရဘုရားသည်သူနှင့်အတူ ရှိတော်မူ၏ဟု လျှောက်သောကြောင့်၊

19. ရှောလုက၊ ယေရှဲရှိရာသို့ လူကိုစေလွှတ်၍၊ သိုးထိန်းဖြစ်သော သင်၏သားဒါဝိဒ်ကို ငါ့ထံသို့ စေလွှတ် ရမည်ဟု အမိန့်တော်ရှိ၏။