Judson Bible

၁ ရာ 11:1-9 Judson Bible (BJB)

1. ထိုနောက်မှ အမ္မုန်အမျိုးသား နာဟတ်သည်လာ၍ ဂိလဒ်ပြည်ယာဗက်မြို့အနားမှာ တပ်ချလျှင်၊ မြို့သားအပေါင်းတို့က အကျွန်ုပ်တို့နှင့် မိဿဟာယဖွဲ့တော်မူပါ။ ကိုယ်တော်ထံ၌ ကျွန်ခံပါမည်ဟု နာဟတ်မင်းအားလျှောက်သော်လည်း၊

2. အမ္မုန်အမျိုးသား နာဟတ်က၊ သင်တို့၌ လက်ျာမျက်စိရှိသမျှကို ဖောက်၍ ဣသရေလအမျိုးတမျိုး လုံး၌ ငါကဲ့ရဲ့ရသော အခွင့်ကို ပေးမှသာ မိဿဟာယဖွဲ့မည်ဟု ပြန်ပြောသော်၊

3. ယာဗက်မြို့သား အသက်ကြီးသူတို့က၊ အကျွန်ုပ်တို့သည် ဣသရေလပြည်တရှောက်လုံးသို့ တမန် တို့ကို စေလွှတ်ခြင်းငှါ ခုနှစ်ရက်မျှ ငံ့လင့်ပါ။ ထိုအခါ ကယ်တင်သောသူ မပေါ်မရှိလျှင် မင်းကြီးထံ သို့ ထွက်ပါမည်ဟု ဆိုကြ၏။

4. တမန်တို့သည် ရှောလုနေရာ ဂိဗာမြို့သို့လာ၍ လူများတို့အား သိတင်းကြားပြောသော်၊ လူအပေါင်းတို့သည် အသံကို လွှင့်၍ ငိုကြွေးကြ၏။

5. ရှောလုသည် နွားစုနောက်သို့ လိုက်လျက် လယ်လုပ်ရာမှ ရောက်လာသောအခါ၊ လူတို့သည် အဘယ်ကြောင့် ငိုကြွေးကြသနည်းဟု မေးလျှင်၊ ယာဗက်မြို့သားတို့၏ သိတင်းကို ပြောကြ၏။

6. ထိုသိတင်းကို ရှောလုကြားသောအခါ၊ ဘုရားသခင်၏ ဝိညာဉ်တော် သက်ရောက်၍ ထိုသူသည် ပြင်းစွာ အမျက်ထွက်လျက်၊

7. နွားတရှဉ်းကို ယူ၍ ခုတ်ဖြတ်ပြီးမှ၊ သံတမန်တို့လက်တွင် ဣသရေလပြည် တရှောက်လုံးသို့ ပေးလိုက် ၍၊ ရှောလုနှင့်ရှမွေလနောက်သို့ ထွက်၍မလိုက်သောသူ၏ နွားတို့ကို ဤကဲ့သို့ပြုမည်ဟု ကြော်ငြာစေသ ဖြင့်၊ လူတို့သည် ထာဝရဘုရားကို ကြောက်၍ တညီတညွတ်တည်း ထွက်လာကြ၏။

8. ဗေဇက်မြို့၌ တပ်စာရင်းယူသောအခါ၊ ဣသရေလအမျိုးသား သုံးသိန်း၊ ယုဒအမျိုးသား သုံးသောင်း ရှိကြ၏။

9. ဂိလဒ်ပြည်ယာဗက်မြို့မှ လာသော တမန်တို့အား နက်ဖြန်နေ့ နေပူချိန် ရောက်သောအခါ ချမ်းသာ ရမည် အကြောင်းကို၊ မြို့သားတို့အား ကြားပြောလော့ဟု မှာလိုက်သည်အတိုင်း၊ တမန်တို့သည် သွား၍ သိတင်းကြားပြောသဖြင့် ယာဗက်မြို့သားတို့သည် ဝမ်းမြောက်ကြ၏။