Judson Bible

၁ ရာ 10:1-10 Judson Bible (BJB)

1. ဆီဘူးကိုယူ၍ ရှောလု၏ခေါင်းပေါ်မှာ လောင်းလေ၏။ တဖန် သူ့ကိုနမ်းသဖြင့်၊ ထာဝရဘုရားသည် သင့်ကို အမွေတော်လူမျိုး၏ မင်းအရာ၌ ခန့်ထား၍ ဆီလောင်ခြင်း ဘိသိက်ကိုပေးတော်မူ၏။

2. ယနေ့ ငါနှင့်ကွာ၍ သွားသောအခါ၊ ဗင်္ယာမိန်ခရိုင်စွန်း၊ ဇေလဇရွာ၊ ရာခေလသင်္ချၖိုင်းအနားမှာ လူနှစ်ယောက်ကို တွေ့လိမ့်မည်။ သူတို့က၊ သင်သွား၍ ရှာသောမြည်းတို့ကို တွေ့ပြီ။ သင်၏ အဘသည် မြည်းတို့ကို အမှုမထား၊ ငါ့သားအဘို့ အဘယ်သို့ ပြုရပါမည်နည်းဟု ဆိုလျက် စိုးရိမ်ကြောင်းကို ပြောကြလိမ့်မည်။

3. ထိုအရပ်မှ လွန်၍ တာဗော်လွင်ပြင်သို့ ရောက်လျှင်၊ ဆိတ်သငယ်သုံးကောင်ကို ဆောင်သောသူ တယောက်၊ မုန့်သုံးလုံးကို ဆောင်သော သူတယောက်၊ စပျစ်ရည်ဘူးကိုဆောင်သောသူ တယောက်တည်းဟူသော ဗေသလမြို့ ဘုရားသခင့် ထံတော်သို့ သွားသောသူသုံးယောက်တို့နှင့် သင်သည် တွေ့ကြုံလိမ့်မည်။

4. ထိုသူတို့သည် နှုတ်ဆက်ပြီးလျှင် မုန့်နှစ်လုံးကို ပေး၍၊ သင်သည် သူတို့လက်မှ ခံယူရလိမ့်မည်။

5. ထိုနောက်မှ ဖိလိတ္တိတပ်ရှိရာ ဘုရားသခင်၏ တောင်သို့ ရောက်၍ မြို့သို့ ချဉ်းကပ်သောအခါ၊ ပရောဖက် အပေါင်းအသင်းသည် တယော၊ ပတ်သာ၊ ပုလွေ၊ စောင်းပါလျက် ပရောဖက်ပြုလျက်၊ မြင့်သောအရပ်မှ ဆင်းလာကြသည်ကို တွေ့လိမ့်မည်။

6. ထိုအခါ ထာဝရဘုရား၏ ဝိညာဉ်တော်သည် သင့်အပေါ်မှာ သက်ရောက်သဖြင့်၊ သင်သည် သူတို့နှင့် အတူ ပရောဖက်ပြု၍ ခြားနားသောသူ ဖြစ်လိမ့်မည်။

7. ဤနိမိတ်လက္ခဏာတို့သည် သင်၌ ဖြစ်သောအခါ၊ အဆင်သင့်သည်အတိုင်း ပြုလော့။ ဘုရားသခင် သည် သင်နှင့်အတူ ရှိတော်မူ၏။

8. သင်သည်လည်း ငါ့ရှေ့မှာ ဂိလဂါလမြို့သို့ သွားရမည်။ ငါသည်လည်း မီးရှို့ရာယဇ်၊ မိဿဟာယယဇ် တို့ကို ပူဇော်ခြင်းငှါ သင်ရှိရာသို့ လာမည်။ ငါလာ၍ သင်ပြုရသော အမှုကို မပြမှီတိုင်အောင် သင်သည် ငံ့နေရမည်ဟု ဆို၏။

9. ရှောလုသည် ရှမွေလထံမှ ထွက်သွားမည်ဟု လှည့်သောအခါ၊ ခြားနားသော စိတ်နှလုံးကို ဘုရားသခင် ပေးတော်မူ၍၊ ထိုနိမိတ်လက္ခဏာ အလုံးစုံတို့သည် ထိုနေ့ခြင်းတွင် ဖြစ်လေ၏။

10. တောင်တော်သို့ရောက်သောအခါ၊ ပရောဖက် အပေါင်းအသင်းတို့သည် ဆီး၍ ကြိုကြစဉ်တွင်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရှောလုအပေါ်သို့ သက်ရောက်တော်မူသဖြင့်၊ သူတို့နှင့်အတူ ပရောဖက် ပြုလေ၏။