19. ကျမ်းစာလာသည်ကား၊ ပညာရှိတို့၏ ပညာကို ငါဖျက်ဆီးမည်။ ဥာဏ်ကောင်းသောသူတို့၏ ဥာဏ်ကို လည်း ငါပယ်မည်ဟု လာသတည်း။
20. ပညာရှိကား အဘယ်မှာရှိသနည်း။ ကျမ်းပြု ဆရာကား အဘယ်မှာရှိသနည်း။ ပြဿနာ၌လေ့ကျက် သော ဆရာကား အဘယ်မှာ ရှိသနည်း။ လောကီပညာ ကို ဘုရားသခင်သည် မိုက်စေတော်မူသည် မဟုတ်လော။
21. အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင်၏ ပညာတော်စီရင်သည်နှင့်အညီ၊ လောကီသားတို့သည် မိမိတို့ပညာအားဖြင့် ဘုရားသခင်ကို မသိဘဲနေကြသောအခါ၊ ဘုရားသခင်သည် ယုံကြည်သော သူတို့ကို ဒေသနာတော် မိုက်မဲခြင်းအားဖြင့် ကယ်တင်ခြင်းငှါ စေတနာရှိတော်မူ၏။
22. ယုဒလူတို့သည် နိမိတ်လက္ခဏာကို တောင်းတတ်ကြ၏။ ဟေလသလူတို့သည် ပညာကို ရှာတတ် ကြ၏။
23. ငါတို့မူကား၊ လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော ခရစ်တော်၏ အကြောင်းအရာကို ဟောပြောကြ၏။ ထိုအကြောင်းအရာသည်ကား၊ ယုဒအမျိုးသား ထိမိ၍ လဲစရာအကြောင်းဖြစ်၏။ တပါးအမျိုးသား၌ကား၊ မိုက်မဲခြင်းဖြစ်၏။
24. သို့သော်လည်း၊ ယုဒလူဖြစ်စေ၊ ဟေလသလူ ဖြစ်စေ၊ ခေါ်တော်မူသောသူတို့၌ ဘုရားသခင်၏ တန်ခိုး တော်နှင့် ဘုရားသခင်၏ပညာတော်တည်းဟူသော ခရစ်တော်၏ တရားဖြစ်၏။
25. ဘုရားသခင်၏မိုက်မဲခြင်းအရာသည် လူတို့၏ ပညာထက်သာ၍ ပညာရှိ၏။ ဘုရားသခင်၏ အားနည်း ခြင်းအရာသည် လူတို့၏ အစွမ်းထက်သာ၍ အစွမ်းရှိ၏။
26. ညီအစ်ကိုတို့၊ သင်တို့ကို ခေါ်တော်မူခြင်း အကြောင်းအရာကို ဆင်ခြင်ကြလော့။ ခေါ်တော်မူသော သူတို့တွင် လောကီပညာရှိအများမပါ။ ထင်ရှားသော လူကြီးအများမပါ။ မင်းအမျိုးအနွယ်ဖြစ်သော သူအများ မပါ။
27. ဘုရားသခင်သည် ပညာရှိတို့ကို ရှက်ကြောက်စေခြင်းငှါ၊ လောကီအရာ၌ မိုက်မဲသော သူတို့ကို ရွေးကောက်တော်မူ၏။ အစွမ်းသတ္တိရှိသော သူတို့ကို ရှက်ကြောက်စေခြင်းငှါ၊ လောကီအရာ၌ အားနည်းသော သူတို့ကို ရွေးကောက်တော်မူ၏။
28. မြတ်သောသူတို့ကို ရှက်ကြောက်စေခြင်းငှါ လောကီအရာ၌ ဆင်းရဲသောသူ၊ မရေရသောသူ၊ ယုတ်သောသူတို့ကို ရွေးကောက်တော်မူ၏။
29. ထိုကြောင့်၊ ဘုရားသခင်ရှေ့၌ အဘယ်သူမျှ ဝါကြွားစရာ အကြောင်းမရှိ။