Judson Bible

ဟေ​ဗြဲ 9:5-14 Judson Bible (BJB)

5. ထိုသေတ္တာပေါ်မှာ ဘုန်းကြီးသော ခေရုဗိမ်တို့သည် အပြစ်ဖြေရာ ပလ္လင်ကို လွှမ်းမိုးလျက်ရှိကြ၏။ ထိုအရာများကို ယခု သေချာစွာ ပြောစရာအကြောင်းမရှိ။

6. ထိုသို့ ခပ်သိမ်းသော အရာတို့သည် ပြင်ဆင်လျက်ရှိသောအခါ၊ ယဇ်ပုရောဟိတ်တို့သည် ဝတ်ပြု၍ ပဌမတဲတော်အတွင်းသို့ အစဉ်ဝင်ကြရ၏။

7. ဒုတိယတဲတော်အတွင်းသို့ ယဇ်ပုရောဟိတ်မင်းတပါးတည်းသာ မိမိအပြစ်ကြောင့်၎င်း၊ လူများအပြစ်ကြောင့်၎င်း၊ ပူဇော်သောအသွေးကိုဆောင်၍ တနှစ်လျှင် တခါတည်းသာဝင်ရ၏။

8. ပဌမတဲတော်မပျက်မှီတိုင်အောင်၊ သန့်ရှင်းရာ ဌာနသို့ သွားသောလမ်းမဖွင့်သေးသော အကြောင်းကို ထိုအမှုအရာအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်သည် အရိပ်ပေးတော်မူ၏။

9. ထိုတဲတော်ကား၊ ပူဇော်သက္ကာနှင့် ယဇ်များကို ပူဇော်သော ကာလတည်းဟူသော မျက်မှောက်ကာလ ပတ်လုံးပုံပမာဖြစ်၏။ ထိုပူဇော်သက္ကာနှင့် ယဇ်များတို့သည် ကိုယ်ကိုကိုယ် သိသောစိတ်ကိုထောက်လျှင်လည်း၊ ဝတ်ပြုသောသူအား စုံလင်ခြင်းအကျိုးကို မပေးနိုင်သည်ဖြစ်၍၊

10. စားစရာ၊ သောက်စရာ၊ အမျိုးမျိုးသော နှစ်စရာတည်းဟူသော၊ ကိုယ်ခန္ဓာနှင့်ဆိုင်သော အထုံးအဖွဲ့များနှင့်တကွ အသစ်ပြုပြင်ခြင်း ကာလတိုင်ရုံမျှသာ တည်ရကြ၏။

11. ယခုမှာ လူလက်ဖြင့်မလုပ်၊ ဤလောကဓာတ်နှင့် မစပ်ဆိုင်၊ သာ၍ကြီးမြတ်စုံလင်သောတဲတော်၌၊ နောက်မင်္ဂလာအကျိုးတို့၏ ယဇ်ပုရောဟိတ်မင်းဖြစ်သော ခရစ်တော်သည်၊

12. ငါတို့အဘို့ထာဝရရွေးနှုတ်ခြင်း ကျေးဇူးကိုခံရ၍ ဆိတ်အသွေး၊ နွားကလေးအသွေးနှင့်မဟုတ်၊ မိမိအသွေးတော်နှင့် သန့်ရှင်းရေးဌာနထဲသို့ တခါတည်း ဝင်တော်မူ၏။

13. အကြောင်းမူကား၊ အညစ်အကြေးရှိသော သူတို့ အပေါ်၌ ဖြန်းသောနွားအသွေး၊ ဆိတ်အသွေး၊ နွားမ ကလေး၏ပြာသည်၊ သူတို့ ကိုယ်ခန္ဓာ၌ စင်ကြယ်ခြင်းကို ပြုနိုင်သည်မှန်လျှင်၊

14. ထိုမျှမက၊ အပြစ်ကင်းသော ကိုယ်တော်ကို၊ ထာဝရဝိညာဉ်တော်အားဖြင့်၊ ဘုရားသခင့်ရှေ့၌ တင်လှူပူဇော်သော ခရစ်တော်၏ အသွေးသည်၊ သေခြင်းနှင့် စပ်ဆိုင်သောအကျင့်ကို ပယ်ရှင်း၍၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်ကို ဝတ်ပြုမည်အကြောင်း၊ သင်တို့၌ ကိုယ်ကိုကိုယ်သိသော စိတ်ကို စင်ကြယ်စေခြင်းငှါ၊ သာ၍တတ်နိုင်တော်မူသည်မဟုတ်လော။