Judson Bible

ဟေ​ဗြဲ 7:8-19 Judson Bible (BJB)

8. ထိုမှတပါး၊ သေတတ်သောသူတို့သည် ယခုအခါ ဆယ်ဘို့တဘို့ကို ခံလေ့ရှိ၏။ ထိုအခါမူကား အသက်ရှင်သည်ဟု သက်သေခံခြင်းကို ရသောသူသည် ဆယ်ဘို့တဘို့ကိုခံရ၏။

9. ထိုမှတပါး၊ ဆယ်ဘို့တဘို့ကိုခံတတ်သော လေဝိသည် အာဗြဟံအားဖြင့် ဆယ်ဘို့တဘို့ကို ပေးပြီဟု ဆိုစရာ အခွင့်ရှိ၏။

10. အကြောင်းမူကား၊ မေလခိဇေဒက်သည် အာဗြဟံကိုတွေ့သောအခါ၊ လေဝိသည် မိမိအဘ၏ ကိုယ်၌ရှိသတည်း။

11. တနည်းကား၊ လေဝိမှဆင်းသက်သော ယဇ်ပုရောဟိတ်အမျိုးနှင့် စပ်ဆိုင်လျက်လူများတို့သည် ပညတ်တရားတော်ကို ခံကြသောကြောင့်၊ ထိုအမျိုးအားဖြင့် စုံလင်ခြင်းသို့ ရောက်နိုင်သည်မှန်လျှင်၊ အခြားသော ယဇ်ပုရောဟိတ်သည်၊ အာရုန်နည်းတူ မခေါ်ဝေါ်ဘဲ၊ မေလခိဇေဒက်နည်းတူ ပေါ်ထွန်းစရာအကြောင်း အဘယ်သို့ရှိသေးသနည်း။

12. ယဇ်ပုရောဟိတ်အမျိုးသည် ပြောင်းလဲလျှင်၊ ပညတ်တရားသည် မပြောင်းလဲဘဲမနေနိုင်ရာ။

13. ထိုဗျာဒိတ်တော်ကို ခံရသောသူသည်၊ ယဇ်ပလ္လင်ဝတ်ကို တယောက်မျှမပြုရသောအမျိုးနှင့် စပ်ဆိုင်ပေ၏။

14. အကြောင်းမူကား၊ ငါတို့သခင်သည် ယုဒအမျိုးထဲ၌ ပေါ်ထွန်းသည်ဟု ထင်ရှားလျက်ရှိ၏။ ထိုအမျိုးသည် ယဇ်ပုရောဟိတ်အရာနှင့် စပ်ဆိုင်သည်ဟုမောရှေသည် တခွန်းကိုမျှမပြော။

15. ထိုမှတပါး၊ မေလခိဇေဒက်နည်းတူ အခြားသော ယဇ်ပုရောဟိတ်သည် ပေါ်ထွန်းသည်မှန်လျှင်၊ ယဇ်ပုရောဟိတ်အမျိုး ပြောင်းလဲပြီဟု သာ၍ထင်ရှား၏။

16. ထိုယဇ်ပုရောဟိတ်သည် ကိုယ်ခန္ဓာနှင့် စပ်ဆိုင်သော တရားအတိုင်း ခန့်ထားလျက်ရှိသည်မဟုတ်။ ထာဝရအသက်၏ တန်ခိုးအာနုဘော်အတိုင်း ခန့်ထားလျက်ရှိသတည်း။

17. အကြောင်းမူကား၊ သင်သည် မေလခိဇေဒက်နည်းတူ၊ ထာဝရ ယဇ်ပုရောဟိတ်ဖြစ်သည်ဟု သက်သေခံတော်မူသတည်း။

18. ပညတ်တရားသည် အဘယ်သူကိုမျှ စုံလင်ခြင်းသို့ မပို့နိုင်သည်ဖြစ်၍၊

19. ရှေးပညတ်တရားဟောင်းသည်၊ အားမရှိ၊ အကျိုးကို မပေးနိုင်သောကြောင့်၊ ပယ်ရှင်းခြင်းသို့ ရောက် ရ၏။ သို့သော်လည်း၊ သာ၍မြတ်သော မြော်လင့်ခြင်းအခွင့်သည် နေရာကျ၏။ ထိုမြော်လင့်ခြင်းအားဖြင့် ငါတို့သည် ဘုရားသခင့်အထံတော်သို့ တိုးဝင်ချဉ်းကပ်ရကြ၏။