Judson Bible

ဟေ​ဗြဲ 3:5-16 Judson Bible (BJB)

5. မောရှေသည်၊ နောက်ဟောပြောလတံ့သော အရာတို့ကို သက်သေခံခြင်းအလိုငှါ၊ အစေခံကဲ့သို့ အိမ်တော်တအိမ်လုံး၌ သစ္စာစောင့်၏။

6. ခရစ်တော်မူကား၊ သားကဲ့သို့ အိမ်တော်ကို အုပ်စိုး၍ သစ္စာစောင့်တော်မူ၏။ ငါတို့သည်ကား၊ ရဲရင့်ခြင်း၌၎င်း၊ မြော်လင့်ခြင်းနှင့်စပ်ဆိုင်သော ဝါကြွားဝမ်းမြောက်ခြင်း၌၎င်း၊ အဆုံးတိုင်အောင် တည်ကြည်လျှင်၊ ထိုအိမ်တော်ဖြစ်သတည်း။

7. ထိုကြောင့်၊ သန့်ရှင်းသောဝိညာဉ်တော် မိန့်တော်မူသည်ကား၊ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက်ရှိသည် ဖြစ်၍၊

8. ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်။ သင်တို့အဘများသည် အနှစ်လေးဆယ်ပတ်လုံး ငါ့ကို အနည်းနည်း စုံစမ်း၍၊

9. ငါ၏အမှုတို့ကို မြင်ရသော တောတွင် ငါ့ကို ဆန့်ကျင်ဘက်ပြု၍ စုံစမ်းရာကာလ၌ ရှိသကဲ့သို့ မရှိစေကြနှင့်။

10. ထိုလူမျိုးကို ငါရွံသည်ဖြစ်၍၊ သူတို့သည် အစဉ်စိတ်သဘော မှားယွင်းတတ်ကြ၏။ ငါ၏ အလေ့အလာ တို့ကို နားမလည်ကြဟု ငါဆိုရ၏။

11. ထိုကြောင့်၊ သူတို့သည် ငါ၏ချမ်းသာထဲသို့ မဝင်ရကြဟု အမျက်ထွက်၍ ငါကျိန်ဆိုသည်ဟု မိန့်တော် မူချက်ရှိသည်နှင့်အညီ၊

12. ညီအစ်ကိုတို့၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်ထံတော်မှ ထွက်သွားသောအားဖြင့် မယုံကြည်တတ်၊ ဆိုးညစ်သော စိတ်နှလုံးမရှိစေခြင်းငှါ သတိပြုကြလော့။

13. ဒုစရိုက်၏ လှည့်ဖြားခြင်းအားဖြင့် သင်တို့ စိတ်နှလုံး မခိုင်မာစေခြင်းငှါ၊ ယနေ့ဟူ၍ ခေါ်ဝေါ်သော အချိန်၊ နေ့တိုင်းအစဉ် အချင်းချင်း တယောက်ကိုတယောက် တိုက်တွန်းနှိုးဆော်ကြလော့။

14. ငါတို့သည် စိတ်စွဲလမ်းခြင်းကို အစပြုသကဲ့သို့ အဆုံးတိုင်အောင် တည်ကြည်လျှင်၊ ခရစ်တော်နှင့် ဆက်ဆံသောသူ ဖြစ်ကြ၏။

15. ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက် ရှိသည်ဖြစ်၍၊ ဆန့်ကျင်ဘက်ပြုရာကာလ၌ ရှိသကဲ့သို့၊ ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်ဟု ကျမ်းစာလာသည်အရာမှာ၊

16. ကြားပြီးမှ ဆန့်ကျင်ဘက်ပြုသော သူတို့ကား၊ အဘယ်သူနည်း၊ မောရှေနောက်သို့လိုက်၍ အဲဂုတ္တုပြည်မှ ထွက်လောသော သူအပေါင်းတို့သည် ထိုသို့ပြုကြသည် မဟုတ်လော။