Judson Bible

ဟေ​ဗြဲ 11:5-11 Judson Bible (BJB)

5. ဧနောက်သည် ယုံကြည်ခြင်းအားဖြင့် သေခြင်းနှင့်လွတ်၍ ဘဝပြောင်းရ၏။ ဘုရားသခင်သည် သူ့ကို ဘဝပြောင်းစေတော်မူသောကြောင့်၊ သူသည် နောက်တဖန် မပေါ်မရှိ။ သူသည်ဘဝမပြောင်းမှီ ဘုရားသခင်၏ စိတ်တော်နှင့်တွေ့သောသူဖြစ်သည်ဟု သက်သေခံခြင်းကို ရလေ၏။

6. ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့် အထံတော်သို့ ချဉ်းကပ်သောသူသည်၊ ဘုရားသခင်ရှိတော်မူသည်ကို၎င်း၊ ကိုယ်တော်ကို ရှာသောသူအား အကျိုးပေးတော်မူသည်ကို၎င်း၊ ယုံကြည်ရမည်။

7. နောဧသည်မမြင်သေးသော အမှုအရာတို့ကို ဘော်ပြသော ဗျာဒိတ်တော်ကိုခံရပြီးမှ၊ ယုံကြည်ခြင်းအားဖြင့် ကြောက်ရွံ့လာသောစိတ်ရှိ၍၊ မိမိအိမ်သူအိမ်သားတို့ကို ကယ်တင်ခြင်းငှါ သင်္ဘောကိုတည်လေ၏ ထိုယုံကြည်ခြင်းအားဖြင့် လောကီသားတို့ကို အပြစ်တင်၍ ယုံကြည်ခြင်းနှင့်ယှဉ်သော ဖြောင့်မတ်ခြင်းကိုလည်း အမွေခံရ၏။

8. အာဗြဟံသည် အမွေခံရလတံ့သောပြည်သို့ ထွက်သွားမည်အကြောင်း၊ ဘုရားသခင်ခေါ်တော်မူသောအခါ၊ သူသည်အဘယ်အရပ်သို့သွားသည်ကို ကိုယ်တိုင်မသိဘဲလျက်၊ ယုံကြည်ခြင်းအားဖြင့် နားထောင်၍ ထွက်သွားလေ၏။

9. သူတပါးပိုင်သောပြည်၌ ဧည့်သည်နေသကဲ့သို့၊ ဂတိတော်နှင့် စပ်ဆိုင်သော ပြည်၌ယုံကြည်ခြင်း အားဖြင့် ဧည့်သည်ဖြစ်၍နေ၏။ ထိုဂတိတော်ကို အမွေခံရသော အဘော်အဘက်တည်းဟူသော ဣဇာက်၊ ယာကုပ်တို့နှင့်အတူ တဲ၌နေလေ၏။

10. အကြောင်းမူကား၊ ဘုရားသခင် တည်ထောင်ပြုစုတော်မူသော၊ ခိုင်ခံ့မြဲမြံသောမြို့ကိုမြော်လင့် သတည်း။

11. သူ၏ခင်ပွန်းစာရာသည်လည်း အရွယ်လွန်သောအခါ၊ ပဋိသန္ဓေယူနိုင်သော အခွင့်တန်ခိုးကို ယုံကြည်ခြင်းအားဖြင့် ခံရလေ၏။ အကြောင်းမူကား၊ ဂတိထားတော်မူသောသူသည် သစ္စာရှိသည်ဟု စိတ်စွဲလမ်းခြင်းရှိ၏။