Judson Bible

ဟေ​ဗြဲ 11:24-37 Judson Bible (BJB)

24. မောရှေသည် အသက်အရွယ်ကြီးသောအခါ အပြစ်ရှိသော ကာမဂုဏ်ကို ခဏခံစားခြင်းထက်၊ ဘုရားသခင်၏လူတို့နှင့် အတူညှဉ်းဆဲခံရခြင်းကိုသာ၍ အလိုရှိသဖြင့်၎င်း၊

25. အဲဂုတ္တုပြည်၏ စည်းစိမ်ထက် ခရစ်တော်ကြောင့် ကဲ့ရဲ့ခြင်းဒုက္ခသည် သာ၍မြတ်သော စည်းစိမ်ဖြစ်သည်ကို စိတ်ထင်သဖြင့်၎င်း၊ ယုံကြည်ခြင်းစိတ်ရှိ၍ ဖါရောဘုရင်သမီး၏သားဟူ၍ ခေါ်ဝေါ်ခြင်းအခွင့်ကိုပယ်၏။

26. အကြောင်းမူကား၊ နောက်ရလတံ့သောအကျိုးကို ထောက်စာမြော်လင့်လျက်နေ၏။

27. ယုံကြည်ခြင်းအားဖြင့် ရှင်ဘုရင်အမျက်ကို မကြောက်ဘဲ၊ အဲဂုတ္တုပြည်ကိုစွန့်သွား၏။ အကြောင်းမူကား၊ မျက်မြင်မရသော ဘုရားသခင်ကို မြင်ရဘိသကဲ့သို့ တည်ကြည်ခြင်းရှိ၏။

28. သားဦးများကို ဖျက်ဆီးသောသူသည် ဣသရေလလူတို့ကို ဒဏ်မခတ်စေခြင်းငှါ၊ ယုံကြည်ခြင်းအားဖြင့် ပသခါပွဲကို၎င်း၊ အသွေးဖြန်းဆွတ်ခြင်းကို၎င်း စောင့်လေ၏။

29. ဣသရေလလူတို့သည် ကုန်းကြောင်းသွား သကဲ့သို့၊ ယုံကြည်ခြင်းအားဖြင့် ဧဒုံပင်လယ်အလယ်၌ ရှောက်သွားရကြ၏။ ထိုသူတို့ နည်းတူအဲကုတ္တုလူတို့သည် သွားမည်အားထုတ်သောအခါ နစ်မြုပ်ကြ၏။

30. ယေရိခေါမြို့ကို ခုနစ်ရက်ပတ်လုံးဝိုင်း၍ လှည့်ပြီးမှ၊ ယုံကြည်ခြင်းအားဖြင့် မြို့ရိုးသည် ပြိုလဲ၏။

31. ပြည်တန်ဆာရာခပ်သည် သူလျှိုတို့ကို အဆွေဖွဲ့၍ လက်ခံသောကြောင့်၊ မယုံကြည်သောသူတို့နှင့် အတူ မပျက်စီးဘဲ၊ ယုံကြည်ခြင်းအားဖြင့် ချမ်းသာရ၏။

32. ထိုမှတပါး၊ အဘယ်သို့ပြောစရာရှိသေးသနည်း။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုံ၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေ လမှစ၍ ပရောဖက်တို့အကြောင်းများကို ပြော၍မကုန်နိုင်။

33. ထိုသူတို့သည် ယုံကြည်ခြင်းအားဖြင့် အခြားသောတိုင်းနိုင်ငံကိုအောင်ခြင်း၊ တရားသဖြင့် စီရင်ခြင်း၊ ဂတိတော်ကိုဝင်စားခြင်း၊ ခြင်္သေ့နှုတ်ကိုပိတ်ခြင်း၊

34. မီးအရှိန်ကိုငြိမ်းစေခြင်း တားလက်နက်ဘေးနှင့်ကင်းလွတ်ခြင်း၊ အနာမှထမြောက်၍ကျန်းမာခြင်း၊ စစ်တိုက်သောအခါ ခွန်အားနှင့်ပြည့်စုံခြင်း၊ တပါးအမျိုးသားတို့၏ တပ်များကို ဖျက်ဆီးခြင်းအမှုများကို ပြုကြ၏။

35. မိန်းမတို့သည်လည်း၊ သေခြင်းမှ ထမြောက်သော မိမိတို့သားကို ရပြန်ကြ၏။ အချို့သောသူတို့သည်၊ သာ၍မြတ်သော ထမြောက်ခြင်းသို့ ရောက်လိုသောငှါ၊ လွှတ်ခြင်းကိုမခံမယူဘဲ ပြင်းစွာသော ညှဉ်းဆဲခြင်းကို ခံကြ၏။

36. အချို့သောသူတို့သည် ကဲ့ရဲ့ရိုက်ပုတ်ခြင်း၊ ချည်နှောင်ခြင်းကိုခံ၍ ထောင်ထဲမှာနေရသဖြင့်၊ စုံစမ်းခြင်းကို ခံရကြ၏။

37. ကျောက်ခဲနှင့်ပစ်ခြင်း၊ လွှနှင့်အပိုင်းပိုင်း တိုက်ဖြတ်ခြင်း၊ စုံစမ်းနှောင့်ရှက်ခြင်း၊ ထားလက်နက်နှင့် ကွပ်မျက်ခြင်းခံရကြ၏။ အလွန်ဆင်းရဲလျက် ညှဉ်းဆဲနှိပ်စက်ခြင်းကိုခံလျက်၊ သိုးရေ၊ ဆိတ်ရေကို ဝတ်၍ လှည့်လည်ရကြ၏။