Judson Bible

ဟေ​ဗြဲ 10:13-23 Judson Bible (BJB)

13. မိမိရန်သူတို့ကို မိမိခြေတင်ရာ မချမထားမှီတိုင်အောင် မြော်လင့်လျက် နေတော်မူ၏။

14. အကြောင်းမူကား၊ စင်ကြယ်သောသူတို့သည် ထာဝရစုံလင်ခြင်းငှါ၊ တခါတည်းပူဇော်ခြင်းအားဖြင့် ပြုတော်မူ၏။

15. ထိုသို့နှင့်အညီ၊ သန့်ရှင်းသောဝိညာဉ်တော်သည် ငါတို့အား သက်သေပေးတော်မူသည်မှာ၊

16. နောင်ကာလအခါသူတို့၌ ငါပေးသော ပဋိညာဉ်တရားဟူမူကား၊ ငါထာဝဘုရားသည် ငါ့ပညတ်တို့ကို သူတို့နှလုံးထဲမှာ ပေးသွင်းမည်။ သူတို့စိတ်ဝိညာဉ်၏အပေါ်မှာ ရေးထားမည်ဟု အထက်ကမိန့်တော်မူပြီးမှ၊

17. တဖန်တုံ၊ သူတို့ပြစ်မှားခြင်း၊ လွန်ကျူးခြင်း အမျိုးမျိုးကို ငါမအောက်မေ့ဘဲ နေမည်ဟု လာသတည်း။

18. ထိုအပြစ်တို့ကို လွှတ်ပြီးလျှင် နောက်တဖန် အပြစ်ဖြေသော ပူဇော်သက္ကာကို ပြုစေရာအကြောင်းမရှိ။

19. ထိုကြောင့် ညီအစ်ကိုတို့၊ ယေရှု၏ကိုယ်ခန္ဓာတော်တည်းဟူသော ကုလားကာအားဖြင့် ထိုသခင် ပြင်ဆင်တော်မူသော အသက်လမ်းသစ်တွင်၊

20. ငါတို့သည် သန့်ရှင်းရာဌာနထဲသို့၊ အသွေးတော်ကို အမှီ ပြု၍အဆီးအတားမရှိ၊ ဝင်ရသောအခွင့်ရှိသဖြင့်၎င်း၊

21. ဘုရားသခင်၏အိမ်တော်ကို အုပ်စိုးသော ယဇ်ပုရောဟိတ်မင်းရှိသဖြင့်၎င်း၊

22. ငါတို့သည် သစ္စာနှင့် ပြည့်စုံသော သဘောရှိ၍၊ ဝိစိကိစ္ဆာနှင့် ကင်းသောယုံကြည်ခြင်း၌ တည်လျက်၊ စိတ်နှလုံးကို သံဝေဂတရားနှင့်လွတ်အောင်ဖြန်းခြင်း၊ ကိုယ်ကာယကိုလည်း ကြည်သာရေဖြင့် ဆေးကြောခြင်း ရှိပြီးမှ၊ အထံတော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့။

23. မြော်လင့်ခြင်းအကြောင်းကို ဝန်ခံ၍ မတိမ်းယိမ်းမရွေ့လျော့ဘဲ တည်ကြည်ကြကုန်အံ့ အကြောင်း မူကား၊ ဂတိထားတော်မူသော သူသည် သစ္စာနှင့်ပြည့်စုံတော်မူ၏။