Judson Bible

ရှင်ယောဟန် 9:22-36 Judson Bible (BJB)

22. ဤသို့ပြောသည်အကြောင်းကား၊ ယေရှုသည် ခရစ်တော်ဖြစ်သည်ဟု ဝန်ခံသောသူမည်သည်ကို တရားစရပ်မှနှင်ထုတ်ရ မည်ဟု ယုဒလူတို့သည် တိုင်ပင်စီရင်ကြနှင့်ပြီ။

23. ထိုကြောင့် မိဘတို့က၊ သူသည် အသက်အရွယ်နှင့် ပြည့်စုံပါ၏။ သူ့ကိုမေးကြလော့ဟု ယုဒလူတို့ကို ကြောက်၍ ပြောကြ၏။

24. ထိုကြောင့်၊ မျက်စိကန်းဘူးသောသူကို ဒုတိယအကြိမ်ခေါ်၍ ဘုရားသခင်ကို ချီးမွမ်းလော့။ ထိုသူသည် လူဆိုးဖြစ်ကြောင်းကို ငါတို့သိ၏ဟုဆိုကြလျှင်၊

25. လူဆိုးဖြစ်သည်မဖြစ်သည်ကို အကျွန်ုပ်မသိ။ အကျွန်ုပ်သည် အထက်ကမျက်စိကန်း၍ ယခုမျက်စိမြင်သည်အကြောင်းတခုကို အကျွန်ုပ်သိသည်ဟုဆို၏။

26. တဖန်သူတို့က၊ သူသည်သင်တို့၌ အဘယ်သို့ပြုသနည်း။ သင်၏ မျက်စိကိုအဘယ်သို့ ဖွင့်သနည်းဟု မေးကြလျှင်၊ အကျွန်ုပ်တခါပြောပြီ၊ သင်တို့နားမကြားကြ။

27. အဘယ်ကြောင့် တဖန်ကြားချင်သနည်း။ သူ့တပည့် ဖြစ်ချင်သလောဟု ဆိုကြ၏။

28. ထိုသူတို့ကလည်း၊ သင်သည်သူ့တပည့်ဖြစ်၏။ ငါတို့မူကား မောရှ၏တပည့်ဖြစ်ကြ၏။

29. ဘုရားသခင်သည်မောရှ၌ ဗျာဒိတ်ထားတော်မူကြောင်းကို ငါတို့သိကြ၏။ ထိုသူသည် အဘယ်က ဖြစ်သည်ကို အသိဟုကဲ့ရဲ့၍ ပြောဆိုကြလျှင်၊

30. သူသည် အကျွန်ုပ်မျက်စိကိုဖွင့်သော်လည်း အဘယ်ကဖြစ်သည်ဟု သင်တို့မသိကြသည်ကို အံ့ဩဘွယ်ရှိ၏။

31. ဘုရားသခင်သည် လူဆိုးတို့ စကားကိုနားထောင်တော်မမူသည်ကို ငါတို့သိကြ၏။ ဘုရားသခင်ကို ရိုသေလေးမြတ်၍ အလိုတော်ကို လိုက်သောသူဖြစ်လျှင် ထိုသူ၏စကားကို နားထောင်တော်မူ၏။

32. အမိဝမ်းတွင်းကပင် မျက်စိကန်းသောသူကိုမျက်စိမြင်စေခြင်းငှါ တတ်နိုင်သည်ကို ကမ္ဘာဦးမှစ၍မကြားစဖူး။

33. ထိုသူသည်ဘုရားသခင်စေလွှတ်တော်မူသောသူမဟုတ်လျှင် အဘယ်အမှုကိုမျှမတတ်နိုင်ဟုပြောဆို၏။

34. ထိုသူတို့ကလည်း၊ သင်သည် မွေးစကပင်တကိုယ်လုံး၌ ဒုစရိုက်အပြစ်စွဲသောသူဖြစ်လျက်နှင့် ငါတို့ကို ဆုံးမပါသည်တကားဟု ပြေဆိုကြပြီလျှင်၊ ထိုသူကို တရားစရပ်မှနှင်ထုတ်ကြ၏။

35. နှင်ထုတ်သည်အကြောင်းကို ယေရှုသည်ကြားပြီးမှ ထိုသူကိုတွေ့တော်မူလျှင်၊ သင်သည် ဘုရားသခင်၏သားတော်ကို ယုံကြည်သလောဟု မေးတော်မူ၏။

36. သခင်၊ အကျွန်ုပ်ယုံကြည်ရမည်အကြောင်း ဘုရားသခင်၏သားတော်ကား အဘယ်သူနည်းဟု မေးလျှောက်သော်၊