Judson Bible

ရှင်ယောဟန် 7:28-40 Judson Bible (BJB)

28. ယေရှုကလည်း၊ သင်တို့သည်ငါ့ကိုသိကြ၏။ ငါအဘယ်က ဖြစ်သည်ကိုလည်း သိကြ၏။ သို့သော်လည်း ငါသည် ကိုယ်အလိုအလျောက်လာသည်မဟုတ်။ ငါ့ကို စေလွှတ်တော်မူသောသူသည် သစ္စာနှင့်ပြည့်စုံတော်မူ ၏။ ထိုသူကို သင်တို့မသိကြ။

29. ငါမူကားသိ၏။ အကြောင်းမူကား၊ ထိုသူ၏ အထံတော်မှ ငါလာ၏။ သူသည်လည်း ငါ့ကိုစေလွှတ်တော်မူ၏ဟု ဗိမာန်တော်၌ ဆုံးမဩဝါဒပေးတော်မူစဉ်တွင် ကြွေးကြော်၍မိန့်တော်မူလျှင်၊

30. ကိုယ်တော်ကို ဘမ်းဆီးခြင်းအခွင့်ကိုရှာကြ၏။ သို့သော်လည်း ကိုယ်တော်၏အချိန်မစေ့ မရောက်သေးသောကြောင့် အဘယ်သူမျှ မဘမ်းဆီးကြ။

31. လူအစုအဝေးထဲ၌ ပါသောလူများတို့သည် ယုံကြည်သည်ဖြစ်၍၊ ခရစ်တော်သည် ကြွလာတော်မူသောအခါ၊ ဤသူပြသော နိမိတ်လက္ခဏာထက်သာ၍ များသောနိမိတ်လက္ခဏာတို့ကို ပြတော်မူမည်လောဟု ဆိုကြ၏။

32. ထိုသို့လူများ အုတ်အုတ်သဲသဲဖြစ်ကြသည်ကို ဖာရိရှဲတို့သည်ကြားလျှင်၊ ယဇ်ပုရောဟိတ်အကြီးတို့ နှင့်တိုင်ပင်ပြီးမှ ကိုယ်တော်ကို ဘမ်းဆီးစေခြင်းငှါ မင်းလုလင်တို့ကို စေလွှတ်ကြ၏။

33. ယေရှုကလည်း၊ ငါသည် သင်တို့နှင်အတူ ခဏသာနေပြီးလျှင်၊ ငါ့ကိုစေလွှတ်တော်မူသောသူထံသို့ သွားရမည်။ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။

34. ရှာသော်လည်းမတွေ့ရကြ။ ငါရှိရာအရပ်သို့ သင်တို့မရောက်နိုင်ကြဟု မိန့်တော်မူလျှင်၊

35. ယုဒလူတို့က၊ ငါတို့ကိုမတွေ့စေခြင်းငှာ သူသည် အဘယ်အရပ်သို့သွားလိမ့်မည်နည်း။ ဟေလသလူတို့တွင်အရပ်ရပ်သို့ ကွဲပြားလျက်နေသော သူတို့ရှိရာသို့သွား၍ ဟေလသလူတို့အား တရားဟောလိမ့်မည် လော။

36. သင်တို့သည် ငါ့ကို ရှာကြလိမ့်မည်။ ရှာသော်လည်း မတွေ့ရကြ။ ငါရှိရာအရပ်သို့ သင်တို့မရောက်နိုင်ကြဟူသောစကားသည် အဘယ်သို့ဆိုလိုသနည်းဟု အချင်းချင်းဆိုကြ၏။

37. ထိုပွဲကိုခံ၍ နောက်ဆုံးဖြစ်သောနေ့မြတ်၌ ယေရှုသည်ရပ်၍ ကြွေးကြော်တော်မူသည်ကား၊ ရေငတ်သောသူရှိလျှင် ငါ့ထံသို့လာ၍ သောက်လော့။

38. ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာလာသည်အတိုင်း အသက်ရေတွက်ရာ စမ်းရေတွင်းဖြစ်လိမ့်မည် ဟု မိန့်တော်မူ၏။

39. ထိုသို့မိန့်တော်မူသော်၊ ယုံကြည်သောသူတို့သည် ခံရလတံ့သောဝိညာဉ်တော်ကို ရည်မှတ်၍ မိန့်တော်မူ၏။ ယေရှုသည် ဘုန်းပွင့်တော်မမူသေးသောကြောင့် သန့်ရှင်းသောဝိညာဉ်တော်ကို ပေးတော်မမူသေး။

40. စကားတော်ကို ကြားသောလူအများတို့က၊ ဤသူသည်လာလတံ့သော ပရောဖက်အမှန်ဖြစ်သည်ဟု ဆိုကြ၏။