Judson Bible

ရှင်ယောဟန် 7:14-29 Judson Bible (BJB)

14. ထိုပွဲကို ခံစဉ်တွင်၊ ယေရှုသည် ဗိမာန်တော်သို့တက်၍ ဆုံးမဩဝါဒပေးတော်မူ၏၊

15. ယုဒလူတို့သည် အံ့ဩ၍၊ ဤသူသည် စာမသင်ဘဲလျက် အဘယ်သို့ တတ်ဘိသနည်းဟုဆိုကြ၏။

16. ယေရှုကလည်း၊ ငါဟောသောဒေသနာသည် ငါ၏ဒေသနာမဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော သူ၏ဒေသနာဖြစ်၏။

17. ထိုသူ၏အလိုတော်သို့ လိုက်ချင်သောသူမည်သည်ကား၊ ဤဒေသနာသည်ဘုရားသခင်၏ဒေသနာတော်ဖြစ်သလော၊ ငါသည် ကိုယ်အလိုအလျောက် ဟောပြောသလောဟု ပိုင်းခြား၍သိလိမ့်မည်။

18. ကိုယ်အလိုအလျောက်ဟောပြောသောသူသည် မိမိဘုန်းအသရေကိုရှာတတ်၏။ မိမိကို စေလွှတ်တော်မူသောသူ၏ ဘုန်းအသရေကိုရှာသော သူမူကား၊ ယုံလောက်သောသူဖြစ်၏။ ထိုသူ၌မုသားမရှိ။

19. မောရှသည်ပညတ်တရားကို သင်တို့အား ပေးသည်မဟုတ်လော။ ထိုတရားကို သင်တို့တွင် တစုံတယောက်မျှမကျင့်။ ငါ့ကိုသတ်အံ့သောငှါ အဘယ်ကြောင့် ရှာကြံကြသနည်းဟု မိန့်တော်မူ၏။

20. လူအစုအဝေးကလည်း၊ သင်သည် နတ်ဆိုးစွဲသောသူဖြစ်၏။ သင့်ကို သတ်အံ့သောငှါ အဘယ်သူရှာကြံသနည်းဟု ဆိုကြ၏။

21. ယေရှုကလည်း၊ ငါပြုသောအမှုတခုကို သင်တို့ရှိသမျှသည် အံ့ဩခြင်းရှိကြ၏။

22. မောရှသည် အရေဖျားလှီးခြင်းတရားကို သင်တို့အား ပေး၏။ ထိုသို့ဆိုသော် မောရှေမှ အစစွာခံရသည်ဟု မဆိုလို။ ဘိုးဘေးများမှဆက်ခံရသတည်း၊ ထိုကြောင့် ဥပုသ်နေ့၌ သင်တို့သည်အရေဖျားလှီးခြင်းကို ပေးကြ၏။

23. မောရှေ၏တရားမပျက်စေခြင်းငှါ လူသည်ဥပုသ်နေ့၌ အရေဖျားလှီးခြင်းကိုခံရလျှင်၊ ငါသည် ဥပုသ်နေ့၌ လူတကိုယ်လုံးကို ကျန်းမာစေသောကြောင့်၊ သင်တို့သည် ငါ့ကိုအမျက်ထွက်ရာသလော။

24. မျက်နှာကို သာကြည်၍မစီရင်ကြနှင့်။ တရားသဖြင့် စီရင်ကြလော့ဟု မိန့်တော်မူ၏။

25. ထိုအခါ ယေရုရှလင်မြို့သားအချို့ကလည်း၊ ဤသူကိုသတ်အံ့သောငှါ ရှာကြသည်မဟုတ်လော။

26. ကြည့်ပါ။ သူသည်ထင်ရှားစွာဟောပြော၍ အဘယ်မြစ်တားခြင်းကိုမျှ မပြုကြပါတကား၊ ဤသူသည် ခရစ်တော်ဖြစ်ကြောင်းကို မင်းများတို့သည် အမှန်သိကြသလော။

27. သို့သော်လည်း ဤသူသည် အဘယ်ကဖြစ်သည်ကိုငါတို့သိကြ၏။ ခရစ်တော်သည် ကြွလာတော်မူသောအခါ အဘယ်ကဖြစ်တော်မူသည်ကို အဘယ်သူမျှမသိရဟု ဆိုကြ၏။

28. ယေရှုကလည်း၊ သင်တို့သည်ငါ့ကိုသိကြ၏။ ငါအဘယ်က ဖြစ်သည်ကိုလည်း သိကြ၏။ သို့သော်လည်း ငါသည် ကိုယ်အလိုအလျောက်လာသည်မဟုတ်။ ငါ့ကို စေလွှတ်တော်မူသောသူသည် သစ္စာနှင့်ပြည့်စုံတော်မူ ၏။ ထိုသူကို သင်တို့မသိကြ။

29. ငါမူကားသိ၏။ အကြောင်းမူကား၊ ထိုသူ၏ အထံတော်မှ ငါလာ၏။ သူသည်လည်း ငါ့ကိုစေလွှတ်တော်မူ၏ဟု ဗိမာန်တော်၌ ဆုံးမဩဝါဒပေးတော်မူစဉ်တွင် ကြွေးကြော်၍မိန့်တော်မူလျှင်၊