Judson Bible

ရှင်ယောဟန် 7:11-24 Judson Bible (BJB)

11. ထိုပွဲ၌ယုဒလူတို့က၊ ယေရှုသည်အဘယ်မှာ ရှိသနည်းဟု မေးမြန်းရှာဖွေကြ၏။

12. လူအစုအဝေးတို့သည် ကိုယ်တော်ကိုအကြောင်းပြု၍ အုတ်အုတ်သဲသဲဖြစ်ကြ၏။ အချို့တို့က၊ သူသည်သူတော်ကောင်းဖြစ်သည်ဟူ၍၎င်း၊ အချို့တို့က၊ သူတော်ကောင်းမဟုတ်၊ လူများကိုလှည့်ဖျားသည်ဟူ၍၎င်း ဆိုကြ၏။

13. သို့သော်လည်း ယုဒလူတို့ကို ကြောက်သောကြောင့် အဘယ်သူမျှ အတည့်အလင်းမပြောဝံ့ကြ။

14. ထိုပွဲကို ခံစဉ်တွင်၊ ယေရှုသည် ဗိမာန်တော်သို့တက်၍ ဆုံးမဩဝါဒပေးတော်မူ၏၊

15. ယုဒလူတို့သည် အံ့ဩ၍၊ ဤသူသည် စာမသင်ဘဲလျက် အဘယ်သို့ တတ်ဘိသနည်းဟုဆိုကြ၏။

16. ယေရှုကလည်း၊ ငါဟောသောဒေသနာသည် ငါ၏ဒေသနာမဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော သူ၏ဒေသနာဖြစ်၏။

17. ထိုသူ၏အလိုတော်သို့ လိုက်ချင်သောသူမည်သည်ကား၊ ဤဒေသနာသည်ဘုရားသခင်၏ဒေသနာတော်ဖြစ်သလော၊ ငါသည် ကိုယ်အလိုအလျောက် ဟောပြောသလောဟု ပိုင်းခြား၍သိလိမ့်မည်။

18. ကိုယ်အလိုအလျောက်ဟောပြောသောသူသည် မိမိဘုန်းအသရေကိုရှာတတ်၏။ မိမိကို စေလွှတ်တော်မူသောသူ၏ ဘုန်းအသရေကိုရှာသော သူမူကား၊ ယုံလောက်သောသူဖြစ်၏။ ထိုသူ၌မုသားမရှိ။

19. မောရှသည်ပညတ်တရားကို သင်တို့အား ပေးသည်မဟုတ်လော။ ထိုတရားကို သင်တို့တွင် တစုံတယောက်မျှမကျင့်။ ငါ့ကိုသတ်အံ့သောငှါ အဘယ်ကြောင့် ရှာကြံကြသနည်းဟု မိန့်တော်မူ၏။

20. လူအစုအဝေးကလည်း၊ သင်သည် နတ်ဆိုးစွဲသောသူဖြစ်၏။ သင့်ကို သတ်အံ့သောငှါ အဘယ်သူရှာကြံသနည်းဟု ဆိုကြ၏။

21. ယေရှုကလည်း၊ ငါပြုသောအမှုတခုကို သင်တို့ရှိသမျှသည် အံ့ဩခြင်းရှိကြ၏။

22. မောရှသည် အရေဖျားလှီးခြင်းတရားကို သင်တို့အား ပေး၏။ ထိုသို့ဆိုသော် မောရှေမှ အစစွာခံရသည်ဟု မဆိုလို။ ဘိုးဘေးများမှဆက်ခံရသတည်း၊ ထိုကြောင့် ဥပုသ်နေ့၌ သင်တို့သည်အရေဖျားလှီးခြင်းကို ပေးကြ၏။

23. မောရှေ၏တရားမပျက်စေခြင်းငှါ လူသည်ဥပုသ်နေ့၌ အရေဖျားလှီးခြင်းကိုခံရလျှင်၊ ငါသည် ဥပုသ်နေ့၌ လူတကိုယ်လုံးကို ကျန်းမာစေသောကြောင့်၊ သင်တို့သည် ငါ့ကိုအမျက်ထွက်ရာသလော။

24. မျက်နှာကို သာကြည်၍မစီရင်ကြနှင့်။ တရားသဖြင့် စီရင်ကြလော့ဟု မိန့်တော်မူ၏။